မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၄၇ လမ်းနဲ့ ၄၈ လမ်းကြား၊ ၁၂၇ လမ်းနဲ့ ၁၂၈ လမ်းကြားမှာ ဇူလိုင် ၁၄ ရက် နေ့လယ် ၁ နာရီလောက်က လူအုပ်စုနဲ့ စကားများရန်ဖြစ်တာကို စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ လူငယ် ၁ ဦး သေဆုံးသွားပါတယ်။
လက်ဖက်ရည်ဆိုင်ရှေ့မှာ စကားများရာကနေစတင်ပြီး သားအမိနှစ်ယောက်ဖြစ်တဲ့ မအေးအေးသန်း (၄၄) နှစ်နဲ့ မစန်းစန်းတင့် (၁၇)နှစ် တို့အပါဝင် လူ ၁၀ ယောက်လောက်က ဖြိုးသက်အောင် (၂၄) နှစ်ရဲ့ ဈေးဆိုင်ကို လာရောက်ဖျက်ဆီးခဲ့စဉ်မှာ စစ်တပ်က ရောက်လာပြီး ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။
“မနက်ကတည်းက လက်ဖက်ရည်ဆိုင်ရှေ့မှာ စကားများကြပြီး ကောင်မလေးဘက်က မကျေနပ်တာနဲ့ အုပ်စုဖွဲ့ပြီးလာလုပ်တာ။ အဲ့ဒါနဲ့ အုပ်ချုပ်ရေးမှူး အကြောင်းကြားတော့ အုပ်ချုပ်ရေးမှူးက စစ်သားတွေကို ခေါ်လိုက်တာ။ အဲ့ဒီနောက် သေနတ်နဲ့ ပစ်လိုက်တာ တစ်ယောက်သေသွားတာပဲသိလိုက်တယ်။” လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူ တစ်ဦးက ပြောပါတယ်။
ရဲမှုခင်းမှတ်တမ်းမှာတော့ မအေးအေးသန်းတို့နဲ့ အတူပါလာတဲ့အဖွဲ့ထဲက အသက် ၁၆ နှစ်အရွယ် စည်သူဟာ ပြန်လည်ခုခံတာကြောင့် သေနတ်နဲ့ ပစ်လိုက်တာလို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် သားအမိနှစ်ယောက်ဖြစ်တဲ့ မအေးအေးသန်း ၊မစန်းစန်းတင့်နဲ့ ကိုချစ်စန်းမောင် (၂၇) နှစ် တို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။