မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ကိုစိုးဌေးရဲ့ ဇနီး နဲ့ သမီးဖြစ်သူကို ဇူလိုင် ၁၃ ရက်နေ့က ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်စီ ကျခံဖို့ အမိန့်ချခဲ့တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့တွေဟာ ဇွန်လ ၁၃ ရက်နေ့က ကိုစိုးဌေးကို ဖမ်းဆီးရမိဖို့ နေအိမ်မှာလာရှာကြပြီး ဝရမ်းကပ်တာတွေ လုပ်ခဲ့ကြကာ ကိုစိုးဌေးရဲ့ ဇနီး၊ တတိယနှစ် ဥပဒေကျောင်းသူ သမီးနဲ့ အသက် ၅ နှစ်အရွယ် သမီးတို့ကို ဖမ်းဆီးခေါ်သွားတာ ဖြစ်ပါတယ်။
“စစ်ကောင်စီ သစ္စာခံ ရဲနဲ့စစ်အကြမ်းဖက်အုပ်စုရဲ့ တရားရုံးကို ဥပဒေမဲ့ဖမ်းဆီးခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ဥပဒေမဲ့စစ်ဆေးခြင်း၊ အမျိုးသမီးတွေအပေါ် ဂုဏ်သိက္ခာမဲ့ ရက်စက်စွာပြုမူခြင်း၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေအပေါ် လူမဆန်စွာ ပြုမူခဲ့မှုတွေ၊ လူမဆန်စွာ အပြစ်မဲ့လူထုကို သတ်ဖြတ်မှုတွေအတွက် စစ်တရားရုံးက တရားသူကြီးအပါအဝင် စစ်ကောင်စီတရားစီရင်ရေးကို သပိတ်မှောက်ကြတဲ့အတွက် စုထက်ဝိုင်းအမေနဲ့ အစ်မဖြစ်သူ သိမ့်စန္ဒီစိုးတို့ သားအမိနှစ်ယောက်ကို ထောင်သုံးနှစ်ချလိုက်တယ်” လို့ ကိုစိုးဌေးက လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
မိုးကုတ်မြို့က သပိတ်ခေါင်းဆောင် ကိုစိုးဌေးရဲ့ အသက် ၅ နှစ်အရွယ် သမီးဖြစ်သူ မစုထက်ဝိုင်းကိုတော့ ဇွန်လ ၃၀ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။