မင်းကင်းမြို့နယ်က ပြည်သူတစ်ဦး လက်ပြန်ကြိုးတုပ် အသတ်ခံရ

စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ ဇင်ကလဲကျေးရွာက ဦးဆန်းဝင်းအား ဇူလိုင် ၁၂ ရက်မနက်က လက်ပြန်ကြိုးတုပ် သတ်ဖြတ်ခံထားရတာကို တွေ့ရှိခဲ့တယ်လို့ အသတ်ခံရသူနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဆွေမျိုးတော်စပ်သူတစ်ဦးက “ဟုတ်တယ်ဗျ၊ အသတ်ခံလိုက်ရတာ။ ဒီစစ်ခွေးတွေ အတော်ကို ယုတ်မာတယ်။ ဦးဆန်းဝင်းက အသက်က ၄၀ ဝန်းကျင်လောက်တော့ရှိမယ်။ သူက ပုန်းရှောင်နေတဲ့နေရာကနေ  ရွာထဲက အိမ်ကို နွားစာကျွေးဖို့နဲ့ ဆန်ပြန်ယူဖို့ သွားရင်းကနေ ဘုန်းကြီးကျောင်းအနီးမှာ အဖမ်းခံလိုက်ရတယ်။ အဖမ်းခံရတဲ့နေရာမှာ သူ့လွယ်အိတ်လေးနဲ့ ခမောက်လေးတွေ ရတယ်။ သူ့အလောင်းကိုတော့ ရွာတောင်ပိုင်းမှာ သတ်ပြီး ပစ်ထားခဲ့တာ”လို့ DVB ကို အတည်ပြုပြောဆိုပါတယ်။

ဇင်ကလဲကျေးရွာက ဦးဆန်းဝင်းကို သတ်သွားတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကနီမြို့နယ် ယင်းကျေးရွာ၊ ကုန်းသာကျေးရွာသားတွေကို အစုလိုက်အပြုံလိုက် သတ်သွားတဲ့ တပ်ဖွဲ့ဖြစ်တယ်လို့ ဇင်ကလဲရွာသားတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ်ကာ သေနတ်နဲ့ ပစ်သတ်ထားတဲ့ စစ်ဘေးရှောင်ပြည်သူအလောင်း ၁၄ လောင်းကို ဇူလိုင် ၁၂ ရက်နေ့က တွေ့ရှိခဲ့ပါတယ်။

More News
Up