တောင်အာဖရိကရဲတပ်ဖွဲ့က ဆန္ဒပြသူများကို ရာဘာကျည်ဖြင့် ပစ်ခတ်လူစုခွဲ

တောင်အာဖရိကနိုင်ငံမှာ ရဲတွေက ဆန္ဒပြ လုယက်ဖျက်ဆီးသူတွေကို လူစုခွဲဖို့ ဇူလိုင် ၁၂ရက်မှာ ရာဘာကျည်ဆန်တွေကို သုံးပြီး ပစ်ခတ်ခဲ့ပါတယ်။

တောင်အာဖရိက သမ္မတဟောင်း ဂျက်ကော့ဘ် ဇူးမားကို ထောင်ချအပြီးမှာ သူ့ကို ထောက်ခံသူတွေက ဆန္ဒပြကြရာက အဓိကရုဏ်းတွေ ဖြစ်ပွားနေတာပါ။

ဆိုဝီတိုမြို့က ဂျဘူလာနီ ကုန်တိုက်တန်းမှာ လုယက်သူတွေက ခိုးထားတဲ့ ကုန်စည်တွေ တပွေ့တပိုက်နဲ့ ကင်မရာတွေ ရှေ့ကနေ ပြောင်ပြောင်တင်းတင်း ဖြတ်လျှောက်နေတာကိုလည်း တွေ့ရပါတယ်။ 

နိုင်ငံရဲ့ ထိပ်ဆုံးတရားရုံးက သမ္မတဟောင်းကို ထောင်ဒဏ် ၁၅ လ စီရင်အပြီး အငြင်းပွားဖွယ် စိန်ခေါ်မှုတွေကြောင့် အနှောင့်အယှက်တွေ ပိုတိုးလာခဲ့တယ် လူ ၂၁၉ ယောက်ကို ဖမ်းထားပြီးပြီလို့ ရဲတွေက ပြောပါတယ်။

သမ္မတဟောင်းဟာ အရင်အပတ်က သူ့ကိုယ်သူ ရဲလက်အပ်ခဲ့အပြီး တရားစီရင်တာ ခံယူခဲ့ပေမယ့် သူ့ကိုလိုလား သူတွေက ဒေါသထွက်ပြီး ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။

ဒီအချိန်မှာ အခွင့်အရေးသမား ရာဇဝတ်သားတွေက ခိုးဆိုး ဖျက်ဆီးဖို့ အခွင့်အရေး ယူခဲ့ကြတယ်လို့ ရဲက ပြောပါတယ်။

အသက် ၇၉ နှစ်အရွယ် ဇူးမားဟာ သူ့ရဲ့ ၉ နှစ်ကြာ သမ္မတ သက်တမ်းအတွင်း အဆင့်မြင့် အဂတိ လိုက်စားမှုကို စုံစမ်းစစ်ဆေးရာမှာ သက်သေပေးဖို့ အခြေခံဥပဒေခုံရုံးရဲ့ အမိန့်ကို အာခံခဲ့တဲ့ အမှုနဲ့ အရင်လနှောင်းပိုင်းက ထောင်ဒဏ် စီရင်ခံခဲ့ရပါတယ်။

တရားရုံးဆုံးဖြတ်ချက်ဟာ တောင်အာဖရိကမှာ သြဇာကြီးတဲ့ နိုင်ငံရေးသမားတွေ အပါအဝင် တရားဥပဒေ စိုးမိုးရေးကို ဆောင်ရွက်နိုင်စွမ်းအပေါ် စမ်းသပ်ချက် အဖြစ်လည်း ရှုမြင် ခံထားရပါတယ်။

ဇူးမားရဲ့ အကြံပေးအဖွဲ့က သူ့ထောင်ဒဏ်ကို ပယ်ဖျက်ပေးဖို့ အခြေခံ ဥပဒေ ခုံရုံးကို တနင်္လာနေ့ အွန်လိုင်း ကြားနာပွဲမှာ တောင်းဆိုခဲ့ကြပေမဲ့ တရားရေး ပညာရှင်တွေကတော့ ဇူးမားအတွက် အောင်မြင်နိုင်ခြေက နည်းပါးတယ်လို့ ပြောပါတယ်။

More News
Up