Home
မြန်မာသတင်း
ရိုဟင်ဂျာနှင့် လူနည်းစုအရေး ကုလလူ့အခွင့်အရေးကောင်စီ မဲမခွဲဘဲ ဆုံးဖြတ်
DVB
·
July 13, 2021

ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ပတ်သက်ပြီး  ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ  တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်လိုက်ပါတယ်။

ဇူလိုင် ၁၂ ရက်   ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ၄၇ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေ မဲမခွဲဘဲ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် ဘေးဖယ်ပစ်ပယ်ထားတဲ့ မူဝါဒတွေနဲ့ ညွှန်ကြားချက်တွေကို စွန့်လွှတ်ပယ်ဖျက်အသစ်ပြန်ပြောင်းဖို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ဖို့ လူ့အခွင့်အရေးကောင်စီဆုံးဖြတ်ချက်မှာ  တိုက်တွန်းပါတယ်။  

ရခိုင်ပြည်နယ်နဲ့ တခြား မြန်မာနိုင်ငံတွင်းမှာရှိတဲ့  ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေ အပါအဝင် အိုးအိမ်စွန့်ခွာသွားသူတွေအားလုံးကို သူတို့ရဲ့နေအိမ်တွေနဲ့ သူတို့ပိုင်ဆိုင်တဲ့နေရာတွေဆီကို လွတ်လပ်စွာ ပြန်နိုင်ရေး အသေအချာဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်။ 

ရိုဟင်ဂျာမွတ်ဆလင်တွေနဲ့ တခြားလူနည်းစုတွေအပေါ် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေရဲ့ အခြေခံအကြောင်းအရင်းတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေး ကောင်စီမှာ ဆွေးနွေးပွဲကျင်းပဖို့လည်း ဆုံးဖြတ်ထားပါတယ်။ 

ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှု၊ လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှု ကျူးလွန်သူတွေအပြင် လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေမှာ တာဝန်ရှိသူတွေကို နိုင်ငံအလိုက်၊ ဒေသအလိုက် နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေသုံးပြီး  တရားစီရင်ဖို့လည်း တိုက်တွန်းထားပါတယ်။ 

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံးခြုံရေးကောင်စီ တာဝန်ရှိသူတွေ ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့ ၊ မြန်မာ့အရေး လွတ်လပ်တဲ့နိုင်ငံတကာစုံစမ်းစစ်ဆေးမစ်ရှင်အဖွဲ့ရဲ့ အကြံပြုချက်တွေနဲ့ ပတ်သက်ပြီးဖြစ်ပေါ်တိုးတက်မှုတွေကို ကုလသမဂ္ဂလူ့အခွင့်အရေးမဟာမင်းကြီးအနေနဲ့ လူ့အခွင့်အရေးကောင်စီနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ အစီရင်ခံစာတင်သွင်းဖို့လည်း တိုက်တွန်းပါတယ်။

ကုလလူ့အခွင့်ရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာတွေကို ခိုလှုံခွင့်ပေးတဲ့  ဘင်္ဂလားဒေ့ရှ်ကို ချီးမွမ်းထားပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရိုဟင်ဂျာတွေ မြန်မာပြည်ကိုပြန်တဲ့အထိ လူသားချင်းစာနာမှုအကူအညီတွေ ဆက်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ 

ဒီဆုံးဖြတ်ချက်ဟာ သံတမန်ရေးရာ အကြိတ်အနယ်ကြိုးပမ်းအားထုတ်မှုတွေ ပြုလုပ်အပြီး ရရှိလာတာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက်တော့ သမိုင်းမှတ်တိုင်ကြီးတခုဖြစ်တယ်လို့  ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အမြဲတမ်းကိုယ်စားလှယ်က ကြေညာချက်ထုတ်ပြန်ပြောပါတယ်။ 

ရက်စက်ကြမ်းကြုတ်မှုတွေ၊ စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်တွေနဲ့ ကံကြမ္မာဆိုး ကြုံတွေ့ခံစားခဲ့ရတဲ့ ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာမှုအရ ဝန်ကြီးချုပ်ရှိတ်ခ်ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ကို ဖွင့်ပေးခဲ့တာဖြစ်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၄ နှစ်အတွင်း ရိုဟင်ဂျာတွေ နေရပ်ပြန်ပို့ရေးဟာ မြန်မာဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိတာနဲ့ မလိုလားတာကြောင့် ဖြစ်မလာခဲ့ဘူးလို့လည်း ဘင်္ဂလားဒေ့ရှ်သံအမတ်ကြီး မိုဟာမက် မူစတာဖီဇာရာမန်က ပြောပါတယ်။

လက်ရှိမြန်မာပြည်မှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကြောင့်  နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရိုဟင်ဂျာအရေးအပေါ်အာရုံစိုက်မှု လမ်းလွဲမသွားစေချင်ဘူးလို့ လည်းပြောပါတယ်။

ဒီဆုံးဖြတ်ချက်မူကြမ်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ စတင်ဆောင်ရွက်ချက်နဲ့ အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) နိုင်ငံတွေကိုယ်စား ပါကစ္စတန် သံအမတ်ကြီးက တင်သွင်းခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခု ဩဂုတ်လတုန်းက မြန််မာစစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် သန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024