ကနီမြို့နယ်အတွင်း လျှပ်စစ်မီတာခတွေ ပေးဆောင်ဖို့နဲ့ မဆောင်ပါက မီးဖြတ်မယ်ဆိုပြီး လာရောက်ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရှမ်းမြောင်းရွာသားတစ်ဦးက “ကျနော်တို့ကျေးရွာ လျှပ်စစ်မီးယူထားတဲ့သူတွေကို မီတာခတွေ ပေးဆောင်ဖို့ မီတာဖတ်သူတဦးက လာပြောတယ်။ ကျနော့်အိမ်တအိမ်လားဆိုပြီး ရွာထဲပတ်မေးတော့ သူတို့တွေလည်း ပြောတယ်လို့ ပြောတယ်။ မီတာမဆောင်ရင် မီးဖြတ်မယ်ပေါ့” လို့ ပြောပါတယ်။
ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်နေရတဲ့အတွက် လျှပ်စစ်မီတာခ ဆောင်ဖို့လည်း ငွေကြေး မရှိကြဘူးလို့ ဆိုပါတယ်။
“ကျနော်တို့ ပြည်သူကိုငဲ့တဲ့အစိုးရဆိုရင် ပြည်သူတွေ ဒုက္ခကို ကြည့်ရမှာပေါ့ဗျာ။ အထူးသဖြင့် ကျနော်တို့ ကနီနယ်မှာ စစ်ကောင်စီတပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်တာလည်း နေ့စဉ်ရက်ဆက်ဆိုသလိုပဲလေ။ ပြည်သူတွေ သေနတ်ကျည်ဆန်မှန်မှာ ကြောက်ရ ပြေးနေရတဲ့အချိန်က များနေတယ်။ ဘယ်က ဝင်ငွေရလို့ ဘယ်ငွေနဲ့မီတာ ဆောင်ရမှာလဲဗျာ။ အိမ်မှာမွေးထားတဲ့ ကြက်လေး၊ ဝက်လေးရောင်းပြီး သူတို့မီတာခ ဆောင်အောင်လုပ်ပြန်တော့ စစ်တပ်က ကောင်တွေက သတ်ချက်စား၊ ရှိတဲ့ ဆန်၊ ဆီတွေ ယူသွားကြနဲ့။ မယူရင်လည်း အကုန်ဖျက်ဆီးသွားတယ်ဗျာ။ ဒါမျိုးတွေလုပ်သွားတဲ့ စစ်တပ်ကို ကျနော်တို့ ပြည်သူတွေက ဘယ်သူ့ကို တိုင်ရမှာလဲ။ အခုစစ်အစိုးရကို တခု ပြောပါရစေဗျာ။ အောက်ခြေက ပြည်သူတွေ သတ်မှာဆိုလည်း အခုလို ညှဉ်းပန်းနှိပ်စက်မနေဘဲ အဏုမြူဗုံးသာ ခွဲသတ်လိုက်တာ ပိုကောင်းမယ်” လို့ ရှမ်းမြောင်းရွာသားက ပြောပါတယ်။
ကနီမြို့နယ်မှာ ကျေးရွာပေါင်း ၁၉၀ ကျော်ရှိကာ လျှပ်စစ်မီးလျှပ်စစ်မီးရရှိတဲ့ ကျေးရွာ ၉၈ ရွာရှိနေပါတယ်။ စစ်အာဏရှင် အာဏာသိမ်းပြီးတဲ့အချိန်ကစပြီး စစ်အာဏာရှင်တပ်တွေနဲ့ ကနီ ပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲနေ့စဉ်နီးပါး ဖြစ်ပွားနေတာပါ။
ကနီမြို့နယ်က အပြစ်မဲ့ပြည်သူတွေဟာ နေ့စဉ်လိုလို စစ်ဘေးရှောင်နေရပြီး စားဝတ်နေရေးအတွက် ဝင်ငွေရမယ့် အလုပ်အကိုင်တွေလည်း လုပ်ကိုင်လို့မရတာကြောင့် စားဝတ်နေရေး အခက်အခဲကြုံနေကြတယ်လို့ သိရပါတယ်။