ကနီတွင် လက်ပြန်ကြိုးတုပ် ပစ်သတ်ခံထားရသည့် စစ်ရှောင်ပြည်သူအလောင်း ၁၄ လောင်းတွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းမှာ  စစ်ကောင်စီတပ်က လက်ပြန်ကြိုးတုပ်ကာ သေနတ်နဲ့ ပစ်သတ်ထားတဲ့ စစ်ဘေးရှောင်ပြည်သူအလောင်း ၁၄ လောင်းတွေ့ရှိခဲ့တယ်လို့ လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသူတွေဆီက သိရပါတယ်။

ကနီမြို့နယ် ယင်းကျေးရွာနဲ့ အနီးအနားက ကျေးရွာသားတချို့ဟာ စစ်ကောင်စီတပ်တွေ ဇူလိုင် ၉ ရက်‌နေ့မှာ ရွာထဲ ဝင်ရောက်လာတာကြောင့် နေအိမ်တွေကို စွန့်ခွာပြီး တောတောင်‌တွေထဲ သွားရောက်ပုန်းရှောင်နေကြတာပါ။ 

အဲဒီလို ပုန်းရှောင်ရာနေရာကို စစ်ကောင်စီတပ်တွေက ဇူလိုင် ၁၀ ရက်နေ့မှာ တောနင်းရှာဖွေပြီး အပြစ်မဲ့ရွာသားတွေကို ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခဲ့တာဖြစ်ပြီး ဒီနေ့မှ အလောင်းတွေ ပြန်တွေ့တာလို့ လူမှုကူညီကယ်ဆယ်ရေးလုပ်ကိုင်ပေးနေသူတစ်ဦးက ပြောပါတယ်။

 “ကျနော်တို့ ရှာဖွေမှုတွေကို ဇူလိုင်  ၁၁ ရက်နေ့ကနေ ရှာဖွေတာ ပထမရက်က ၃ လောင်း၊ ဒီနေ့က ၁၁ လောင်း စုစုပေါင်း ၁၄ လောင်းရှိနေပြီဗျ။ ကျနော်တို့တွေ့ရှိရတဲ့ အလောင်းတွေက လက်တွေကို နောက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက်ကာ သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ထင်တယ်ဗျ။ ခေါင်းပွင့်ထွက်ဒဏ်ရာတွေနဲ့ဗျာ။ ဒီကောင်တွေ သတ်ပြီးတဲ့ အလောင်းတွေကို တောထဲက ချုံကြိုချုံကြား၊ ချောက်ကြိုချောက်ကြား ပစ်ချထားခဲ့ကြတာ။ အခုတွေ့ရှိတဲ့ အလောင်းတွေက သူတို့ကို ကြောက်လို့ တောထဲမှာပုန်းနေတဲ့ အပြစ်မဲ့ရွာသားတွေပါ။ ဘာလက်နက်မှ မရှိကြပါဘူး။ တကယ်ကို ရင်နာစရာကောင်းတယ်ဗျ” လို့ ပြောပါတယ်။

ကနီမြို့ ယင်းကျေးရွာနဲ့ အနီးနားက ရွာသားတွေဟာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံရမှာ ကြောက်ရွံ့နေကြတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေဟာ စစ်ကောင်စီတပ်တွေက အပြစ်မဲ့ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ၁၉ ယောက်ထဲက‌ ၁၄ ယောက် ဖြစ်တယ်လို့ သိရပါတယ်။

More News
Up