စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ယင်းကျေးရွာက ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်က ဇူလိုင် ၉ ရက်နေ့မှာ ဖမ်ဆီးသတ်ဖြတ်လိုက်တယ်လို့ ယင်းကျေးရွာပြည်သူတွေက ပြောပါတယ်။
ယင်းကျေးရွာသားတစ်ဦးက “ကျနော်တို့ ယင်းကျေးရွာကို ဒီ (စစ်ကောင်စီတပ်) တွေ ဇူလိုင် ၈ ရက်နေ့ကတည်းက ဝင်နေတယ်။ အဲဒီလို ရွာထဲဝင်ပြီး ဦးလှပိုကို ဖမ်းဆီးသတ်ဖြတ်သွားကြတယ်။ အသက်က ၆၀ ဝန်းကျင်ခန့်ပေါ့ဗျာ။ အသက်ခံရတာတော့ ဇူလိုင် ၉ ရက်နေ့လောက်ကလို့တော့ ခန့်မှန်းရတယ်။ မျက်နှာတောင် ကြည့်မရတော့ဘူးဗျ။ အတော်လေးကို ရုပ်ကပျက်နေပြီ။ သေနတ်နဲ့တော့ ပစ်သတ်တာ မဟုတ်လောက်ဘူး။ ညှဉ်းပန်းနှိပ်စက်ပြီး ရိုက်သတ်တယ်လို့ ထင်တာပဲ။ အလောင်းတစ်ခုလုံး ရိုက်နှက်ရာတွေနဲ့ ညိုမည်းနေတာပဲ”လို့ ပြောပါတယ်။
ယင်းကျေးရွာမှာ ဇူလိုင် ၉ ရက်နေ့က စစ်ကောင်စီတပ်တွေက တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေတဲ့ အပြစ်မဲ့ပြည်သူတွေကို တောနင်းရှာဖွေကာ ၁၆ ဦးထက်မနည်း ဖမ်းဆီးသွားပါတယ်။
အဲဒီလို ဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ပြည်သူ ၅ ဦးထပ်မနည်း အသတ်ခံရတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်ပြုနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။