စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ညွှန်ကြားလာတာကြောင့် မိုဘိုင်းဖုန်းသုံးစွဲသူတွေအတွက် ဈေးလျှော့ပေးထားတဲ့ ပက်ကေ့ချ် ၁၀ ခုကျော်ကို ဆက်မပေးနိုင်တော့ဘဲ တခြားပက်ကေ့ချ်တွေမှာလည်း အပိုပေးထားတာတွေကို လျှော့ရတော့မယ်လို့ တယ်လီနော မြန်မာကုမ္ပဏီက ထုတ်ပြန်ပါတယ်။
ဖုန်းပြောတာနဲ့ အင်တာနက်သုံးတဲ့ ပက်ကေ့ချ် ၁၂ ခုကို ရပ်နားလိုက်ရပြီး အင်တာနက် ပက်ကေ့ခ်ျ ၄ ခုမှာ အပိုပေးထားတာတွေလည်း ဆက်မပေးနိုင်တော့ဘူးလို့ ကြေညာပါတယ်။
ဝန်ဆောင်ခနှုန်းထားတွေကို ပြင်ဆင်ဖို့ စစ်ကောင်စီက ညွှန်ကြားလာတာကြောင့်ဖြစ်ပြီး ဇူလိုင် ၁၂ ရက် ည ၁၂ နာရီအထိ ဝယ်ယူနိုင်မှာဖြစ်သလို အဲဒီပက်ကေ့ဂျ်တွေကို သက်တမ်းကုန်ချိန်အထိ သုံးနိုင်မယ်လို့ ဆိုပါတယ်။
နော်ဝေဆက်သွယ်ရေးအော်ပရေတာကုမ္ပဏီကြီး တယ်လီနောဟာ မြန်မာနိုင်ငံရှိ သူ့ရဲ့လုပ်ငန်းတွေကို လက်ဘနွန်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ M1 Group ဆီကို အမေရိကန်ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းချလိုက်ပြီလို့ ဇူလိုင် ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။