မဲဆောက်တွင် ညမထွက်ရ ကာဖျူးအမိန့်ထုတ်ပြန်

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါ အရှိန်မြင့်လာတဲ့ အတွက် ညမထွက်ရ ကာဖျူးအမိန့်ထုတ်ပြန်ဖို့  တာ့ခ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေးနဲ့ စီမံခန့်ခွဲ ရေး အဖွဲ့က ဆုံးဖြတ်လိုက်ပါတယ်။ 

တာ့ခ်ခရိုင်ထဲမှာ ဇူလိုင်လ ၇ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၆၆ ဦး တွေ့ရှိပြီး  ဇွန်လ ၁ ရက်မှ ဇူလိုင် ၇ ရက်အထိ ကူးစက်ခံရသူစုစုပေါင်း ၁၅၆၆ ဦးရှိသွားပြီလို့ ကာကွယ်ရေးနဲ့စီမံခန့်ခွဲ ရေးဥက္ကဋ္ဌလည်းဖြစ် တာ့ခ်ခရိုင်ဝန်လည်းဖြစ်တဲ့ နိုင်းဖုန်းဆ်ရတ် ဖိရူမ်ရတ်က မနေ့က ကိုဗစ်-၁၉ ကာကွယ်ရေးအစည်းအဝေးမှာ  ပြောပါတယ်။

အဆိုပါ ကူးစက်ခံရသူတွေထဲမှာ လက်ရှိဆေးရုံမှာ ကုသခံနေသူ ၁၁၂၉ ဦးရှိပြီး သေဆုံးသူ ၈ ဦးရှိကြောင်း ထပ်မံကူးစက်ခံရသူထဲမှာ ၅၇ ဦးဟာ မဲဆောက်မှာတွေ့တာလို့ ဆိုပါတယ်။ ဒါ့အပြင် ဖုပ်ဖရမြို့နယ်မှာ ၅ ဦး၊ မဲ့လမတ်မှာ ၁ ဦး၊ ထာ့ဆောင်ယန်းမှာ ၁ ဦး၊ ဘန့်တာ့ခ်မှာ ၁ ဦး၊ ဝမ်ကယောက်မှာ ၁ ဦးလို့ ဆိုပါတယ်။

ဒါကြောင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းအရှိန်အဟုန်မြှင့်တဲ့အနေနဲ့ ညမထွက်ရအမိန့်ထုတ်ဖို့ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

အဆိုပါဆုံးဖြတ်ချက်အရ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ည ၈ နာရီမှ မနက် ၄ နာရီတွင်း အပြင်မထွက်ဖို့ သာမန်ပြည်သူတွေအနေနဲ့လည်း ည ၁၁ နာရီမှ မနက် ၄ နာရီအတွင်း အရေးကြီးကိစ္စမရှိဘဲ အပြင်မထွက်ဖို့ မေတ္တာရပ်ခံတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စားသောက်ဆိုင်နဲ့ဘားဆိုင်တွေမှာ အရက်ထိုင်မသောက်ရ၊ စားသောက်ဆိုင်တွေ ည ၈ နာရီ အထိသာဖွင့်ပြီး ၈ နာရီထက်ကျော်က ပါဆယ်နဲ့သာ ရောင်းချဖို့၊ လူစုလူဝေးအ ခမ်းအနာတွေ မကျင်းပရ ( အသုဘ နှင့် ရှင်ပြုရဟန်းခံကိစ္စတွင် လူ ၅၀ ဦးထက်ပို၍ ပါဝင်ခွင့်မပြု) ၊ ကုန်တိုက်တွေကိုလည်း ည ၉ နာရီထိသာ ဖွင့်လှစ်ရန် ညွှန်ကြားဖို့ ဆုံးဖြတ်ပါတယ်။

ဟိုတယ်နဲ့ တည်းခိုခန်းတွေမှာ လာရောက်တည်းခိုသူတွေရဲ့ အမည်နဲ့ခရီးသွား ရာဇဝင်တွေ သက်ဆိုင်ရာကို စာရင်းတင်ပြဖို့၊ ပြင်ပဆေးခန်းနဲ့ ဆေးဆိုင်တွေမှာ အဖျားရှိသူ ချောင်းဆိုး လည်ချောင်းနာသူတွေတွေ့ရင် AIR ကိုအကြောင်းကြားဖို့ စတဲ့အချက်တွေပါ ဆွေးနွေးဆုံးဖြတ်ပါတယ်။

တာ့ခ်ခရိုင်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အစုံပေါင်း ၈၄၀၀၀ ရောက်လာပြီဖြစ်ကြောင်း၊ အဲဒီထဲက ရောဂါကူးစက်မှုမြင့်မားတဲ့နေရာမှာ လူ ၅၀၀၀ ကိုဆေးထိုးပေးခဲ့ပြီး ကျန်တာကို မြို့နယ်အလိုက်ခွဲပေးသွားမယ့်အကြောင်း၊ ကာကွယ်ဆေးကို သက်ကြီးရွယ်အိုတွေ ကြိုတင်နာမည်စာရင်းပေးသွင်းထားသူတွေကို ဦးစားပေးထိုးနှံပေးမယ်လို့ ဆိုပါတယ်။ 

မဲဆောက်နဲ့တကွ တာ့ခ်ခရိုင်ရှိမြို့နယ် ၅ ခုမှာ ကိုဗစ်-၁၉ လူနာများအတွက်  မကြာခင် ယာယီဆေးရုံတွေဖွင့်လှစ်ဖို့ရှိပြီး  တခြားခရိုင်ကနေပြီး တာဝန်အရ တာ့ခ်ခရိုင်ထဲ  ဝင်ရောက်လာမယ့် အစိုးရဝန်ထမ်းတွေကို စနစ်တကျလက်ခံရေးတွေပါ ဆွေးနွေးခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up