Home
မြန်မာသတင်း
နိုင်ငံတဝန်းအကျပ်အတည်းများကို ငြိမ်းချမ်းစွာ ညှိနှိုင်းဖြေရှင်းရန် အပစ်ရပ်အဖွဲ့များ တိုက်တွန်း
DVB
·
July 8, 2021

ရှမ်းပြည်မြောက်ပိုင်း စစ်ရေးပဋိပက္ခတွေအပါအဝင် ပြည်ထောင်စုနေရာအနှံ့မှာ ဖြစ်ပွားနေတဲ့ အထွေထွေအကျပ်အတည်းတွေကို သက်ဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေး ညိနှိုင်းဖြေရှင်းကြဖို့ အပစ်ရပ်တိုင်းရင်းသာအဖွဲ့အစည်းတွေက တိုက်တွန်းလိုက်ပါတယ်။

ဇူလိုင် ၆ - ၇ ရက် နှစ်ရက်တာကျင်းပတဲ့ အန်စီအေ လက်မှတ်ထိုးထားကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (ပီပီအက်စ်တီ) အစည်းအဝေးအပြီးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲကနေ လက်ရှိပြည်ထောင်စုအတွင်း ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းကို တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(အန်စီအေ) အနှစ်သာရကို အခြေခံပြီး ကြိုးပမ်းသွားကြမယ်လို့ သဘောတူခဲ့ကြပါတယ်။

ကိုဗစ်-၁၉ တတိယလှိုင်းကြောင့် ပြည်ထောင်စုတဝန်း ကူးစက်မှု၊ သေဆုံးမှုနှုန်းမြင့်တက်နေတဲ့အပေါ် စိုးရိမ်ကြောင်းနဲ့ ကာကွယ်ခြင်း၊ ကုသခြင်းလုပ်ငန်းတွေကို အမြန်ဆုံး စုပေါင်းဆောင်ရွက်ကြဖို့ အလေးအနက်တိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီအစည်းအဝေးမှာ ပီပီအက်စ်တီစုဖွဲ့မှုဆိုင်ရာကိစ္စတွေ၊ လက်ရှိ ပြည်ထောင်စုအတွင်းရင်ဆိုင်နေရတဲ့ နိုင်ငံရေး၊ လူမှုရေးနဲ့ အထွေထွေအကျပ်အတည်းတွေကို ဆွေးနွေးခဲ့ကြသလို ပီပီအက်စ်တီရဲ့ ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့တာဝန်မှ အနားယူမှုကိုလည်း ခွင့်ပြုအတည်ပြုခဲ့ပြီး အဖွဲ့ဝင် ၃ ဦးပါ ယာယီဦးဆောင်သူတွေကိုလည်း ရွေးချယ်ခဲ့ကြပါတယ်။ 

ရှမ်းပြည်မြောက်ပိုင်းမှာ လွန်ခဲ့တဲ့လပိုင်းတွေက ရှမ်းပြည်တပ်မတော် တောင်ပိုင်းနဲ့ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်အကြား တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီတပ်တွေနဲ့ ဒေသဆိုင်ရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းစဉ်က စလို့ ဆန္ဒပြပွဲတွေ  တောက်လျောက်ဖြစ်နေဆဲဖြစ်သလို ၀န်ထမ်းပေါင်းစုံရဲ့ အာဏာဖီဆန် CDM သပိတ်တိုက်ပွဲကြောင့် လုပ်ငန်းတွေရပ်တန့်နေပါတယ်။

ကရင်ပြည်နယ်၊ ကယားပြည်နယ်နဲ့ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းစတဲ့နေရာတွေမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်သူဦးရေ ၂ သိန်းခန့် ထွက်ပြေးပုန်းအောင်းနေကြရပါတယ်။

လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံလူဦးရေတဝက်လောက် အစာရေစာပြတ်လပ်မယ့်ဘေးနဲ့ ကြုံနေရတယ်လို့လည်း ကုလသမဂ္ဂက သတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024