မြန်မာနိုင်ငံရဲ့ အေအာရ်တီဆေး တိုက်ကျွေးကုသမှု စံနှုန်းသတ်မှတ်ချက် ပြင်ဆင်ရေးဆွဲ
DVB
·
December 1, 2013
မြန်မာနိုင်ငံရဲ့ အေအာရ်တီဆေး တိုက်ကျွေးကုသမှု စံနှုန်းသတ်မှတ်ချက်ကို ပြင်ဆင်ရေးဆွဲနေပြီး ၂၀၁၄ ခုနှစ်အတွင်းမှာ စတင်အသုံးပြုသွားမယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး အမျိုးသား ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် တာဝန်ရှိသူ ဒေါက်တာ မျိုးသန့်က မြန်မာနိုင်ငံရဲ့ အေအာရ်တီဆေး တိုက်ကျွေးကုသမှု စံနှုန်းသတ်မှတ်ချက်ကို ပြင်ဆင်ရေးဆွဲနေပြီး ၂၀၁၄ ခုနှစ်အတွင်းမှာ စတင်အသုံးပြုသွားမယ်လို့ ပြောကြားလိုက်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာန အမျိုးသား ခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက် တာဝန်ခံ ဒေါက်တာမျိုးသန့် “ဆရာတို့ ပထမအဆင့်အနေနဲ့ သမားတော်ကြီးတွေနဲ့ National AID Program အဖွဲ့တွေ ပူးပေါင်းဆွေးနွေးပြီးတော့ ဂိုက်လိုင်းအသစ်ကို ရေးဆွဲနေတယ်။ ဂိုက်လိုင်းအသစ်ကို မရေးဆွဲနိုင်တာတောင်မှ WHO ရဲ့ ဂိုက်လိုင်းထဲမှာ တချို့လိုအပ်ချက်တွေ ဖြည့်စွပ်ပြီးတော့ ဆရာတို့ အနေနဲ့ သုံးစွဲသွားမှာ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းက ထွက်ရှိခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ စံနှုန်းသတ်မှတ်ချက်အသစ်အရ ကိုယ်ခံအားစနစ် စီဒီဖိုး (CD4) ၅၀၀ ရှိသူတွေကို အေအာရ်တီဆေးပေးဖို့ သတ်မှတ်ထားပါတယ်။ အခုလက်ရှိ မြန်မာနိုင်ငံမှာ စီဒီဖိုး ၃၅၀ အောက် ရှိသူတွေကိုသာ ဆေးပေးနိုင်နေပြီး အပြည့်အ၀ ပေးနိုင်ခြင်း မရှိသေးပါဘူး။
ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဝန်ကြီးဌာန အမျိုးသားခုခံအားကျ ကာလသားရောဂါ တိုက်ဖျက်ရေးစီမံချက် တာဝန်ခံ ဒေါက်တာ မျိုးသန့် က “အခု ART ဆေးလိုအပ်တဲ့သူက ၁ သိန်း ၂သောင်း ကျော်လောက်လိုတယ်။ ဒါကြောင့် ဂိုက်လိုင်းအသစ်နဲ့ဆို ၁သိန်းခွဲလောက်လိုမယ်”လို့ ပြောပါတယ်။
လက်ရှိ မြန်မာနိုင်ငံမှာ အိတ်ခ်ျအိုင်ဗီပိုး ရှိသူ ၂ သိန်း ၄ သောင်း ကျော်ရှိပြီး အေအာရ်တီဆေး လိုအပ်သူ ၁ သိန်း ၂ သောင်းကျော် ရှိနေပါတယ်။ အဲဒီအထဲမှာ ၄၀ ရာခိုင်နှုန်းကျော်သာ အေအာရ်တီ ဆေးဝါးရရှိနေပါတယ်။