မြန်မာနဲ့ ဘင်္ဂလားဒေ့ရ်ှရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) လုပ်ငန်းတွေအတွက် တောင်ကိုရီးယားအစိုးရက အမေရိကန်ဒေါ်လာ ၈ သိန်း လှူဒါန်းခဲ့ပါတယ်။
ဒီရန်ပုံငွေတွေဟာ ရိုဟင်ဂျာတွေအပါအဝင် ရခိုင်ပြည်နယ်ရှိ လူဦးရေ ၃ သိန်း ၂ သောင်းရဲ့ လစဉ် အစားအစာအထောက်အပံ့တွေ ပေးနေရတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ WFP ကို အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။
အရင်ရှိထားပြီးသား ဆင်းရဲနွမ်းပါးမှု၊ ကိုဗစ်-၁၉ နဲ့ လက်ရှိနိုင်ငံရေးအကျပ်အတည်းတွေရဲ့ အကျိုးသက်ရောက်မှုကြောင့် မြန်မာနိုင်ငံရှိ လူဦးရေ ၃ ဒသမ ၄ သန်းနဲ့ အထူးသဖြင့် မြို့ပြနေ ဆင်းရဲနွမ်းပါးသူတွေ အစားအစာ မလုံလောက်မှုတွေ ကြုံနေရတာပါ။
ဒါ့အပြင် ဖေဖော်ဝါရီလကစပြီး နိုင်ငံအနှံ့အပြားရှိ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေရပါတယ်။
ဘင်္ဂလားဒေ့ရ်ှမှာတော့ ကိုရီးယားရဲ့ အလှူငွေတွေကို ကော့ဘဇားစခန်းတွေမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ၈ သိန်း ၆ သောင်းကျော်အတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေအတွက် WFP က ဆက်လက် ကူညီသွားမှာ ဖြစ်ပါတယ်။
WFP ရဲ့ အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ဂျွန်အေးလိဇ်က “ရိုဟင်ဂျာ အားလုံးနီးပါးဟာ ပြင်ပအကူအညီတွေအပေါ် လုံးလုံးမှီခိုနေကြရတာပါ။ WFP ရဲ့ပံ့ပိုးမှုနဲ့ ရိုဟင်ဂျာမိသားစုအားလုံးဟာ ခုအခါ ဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လယ်သမားတွေ လက်လီရောင်းချတဲ့ဆိုင်တွေမှာ လတ်ဆတ်ပြီး အဓိကကျတဲ့ အစားအစာတွေကို ပြန်လည်ဝယ်ယူနိုင်တဲ့ အီလက်ထရောနစ်ဘောက်ချာတွေ ရရှိနေကြပါပြီ။ ဒီနှစ်နိုင်ငံစလုံးရဲ့ အရေးတကြီး လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကိုရီးယားသမ္မတနိုင်ငံကနေ အချိန်မီပံ့ပိုးပေးမှုကို ကျေးဇူးတင်ရှိတယ်”လို့ ပြောပါတယ်။
မနှစ်တုန်းက ဒေသတွင်းမှာ လူပေါင်း ၁၄ သန်းအထိ စံချိန်တင်ရောက်ရှိခဲ့ပြီး အခုနှစ်မှာတော့ ကိုဗစ် ဖြစ်ပွားမှုတွေ များလာတာနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေလို အမျိုးမျိုးသော လှုပ်ခတ်မှုတွေဟာ WFP ရဲ့ ထောက်ပံ့မှုတွေဟာ ပိုပြီးအရေးကြီးတဲ့အဓိပ္ပာယ်လို့လည်း ဆိုပါတယ်။
WFP နဲ့ အာရှ၊ ပစိဖိတ်ရှိ ပြည်သူတွေအတွက် ရပ်တည်ပေးခဲ့တဲ့အတွက် ကိုရီးယားလူမျိုးတွေကို အထူးကျေးဇူးတင်ရှိတယ်လို့လည်း ပြောကြားသွားပါတယ်။