ဘန်ကောက် သပိတ်စခန်းဝန်းကျင် လုံခြုံရေးတင်းကျပ်

1.1K
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဆန္ဒပြခေါင်းဆောင်က အစိုးရ အဆောက်အဦတွေကို ၀င်သိမ်းဖို့ တိုက်တွန်းလိုက်ပြီးတဲ့နောက် နိုဝင်ဘာ ၃၀ ရက်နေ့မှာ သပိတ်စခန်းပတ်ဝန်းကျင်ကို လုံခြုံရေး တင်းကျပ်ထားပါတယ်။
၇ ရက်ကြာ ပြုလုပ်နေတဲ့ ဆန္ဒပြခေါင်းဆောင် နိုင်းဆူသက်က ဒီဇင်ဘာ ၁ ရက်နေ့ မနက် ၁၀ နာရီ ၄၅ မိနစ်မှာ အစိုးရ အဆောက်အအုံတွေကို သိမ်းဖို့ နိုဝင်ဘာ ၂၉ ရက်နေ့ ကတည်းက ကြေညာထားပါတယ်။
အစိုးရအိမ်တော်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမားဝန်ကြီးဌာနတွေကို ပစ်မှတ်ထားနေပါတယ်။ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းမှာတော့ ဆန္ဒပြသမားတွေဟာ အထူးစုံစမ်းစစ်ဆေးရေးဌာကို ၀င်စီးခဲ့ကြပါတယ်။ နိုဝင်ဘာ ၂၉ ရက်နေ့က ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားအုပ်စုတစုဟာ စစ်တပ်ဌာနချုပ်ထဲကို အတင်းဝင်ရောက်ခဲ့ကြပါသေးတယ်။
အဲဒီလိုပဲ ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ် ရင်လပ် ရှင်နာဝပ်ထရာရဲ့ ဖုရင့်ထိုင်းပါတီ ဌာနချုပ်ရှေ့မှာ အလံတွေ မွှေ့ယမ်း ခရာတွေ မှုတ်ပြီး ဆန့်ကျင်ခဲ့ကြတာ ဖြစ်ပါတယ်။
ထောင်နဲ့ချီတဲ့ ဆန္ဒပြသမားတွေဟာ နိုဝင်ဘာ ၂၅ ရက်နေ့ကစပြီး အစိုးရ အဆောက်အအုံတွေကို ၀င်စီးပြီး ၀န်ထမ်းတွေကို နှင်ထုတ်ခဲ့ပါတယ်။ ဆန္ဒပြအဖွဲ့တချို့ ကတော့ နာရီအနည်းငယ်အကြာမှာ ပြန်ထွက်သွားကြပေမယ့် တချို့တွေကတော့ အဲဒီမှာပဲ စခန်းချနေခဲ့ကြပါတယ်။
ဘဏ္ဍာရေးဝန်ကြီးဌာနမှာဆိုရင် စသိမ်းတဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ကတည်းက အခုအချိန်အထိ ဆန္ဒပြသမားတွေ ရှိနေပါတယ်။
အစိုးရကတော့ ဆန္ဒပြတာတွေ ရပ်ဆိုင်းကြဖို့ ရုပ်မြင်သံကြားကနေ တိုက်တွန်းထားပါတယ်။ ရဲတွေကတော့ အစိုးရအဆောက်အအုံတွေကို လုံခြုံရေး တိုးမြှင့်ချထားလိုက်ပါပြီ။
နိုင်ငံပြင်ပကို ထွက်ပြေးသွားတဲ့ ၀န်ကြီးချုပ် ရင်လပ်ရှင်နာဝပ်ထရာရဲ့အစ်ကို ၀န်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင်ရှင်နာဝပ်ကို ပြည်တော်ပြန်ခွင့် ရအောင်လုပ်ပေးမယ့် လွတ်ငြိမ်းချမ်းသာခွင့်ကိစ္စ ပေါ်လာကတည်းက အထက်တန်းလွှာနဲ့ လူလတ်တန်းစားတွေ အများစုက ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ စဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
တဘက်မှာလည်း အခြေခံလူတန်းစားတွေ အများဆုံးပါဝင်တဲ့ ရှပ်နီဘက်တော်သားတွေကလည်း ဘန်ကောက်မြို့ရဲ့ ဘောလုံးကွင်းကြီးတွေမှာ ၀န်ကြီးချုပ် ရင်လပ်ရဲ့ အစိုးရအဖွဲ့ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေ ကျင်းပနေခဲ့ပါတယ်။
ထိုင်းနိုင်ငံမှာ အခုလိုဆန္ဒပြပွဲတွေ ဆက်တိုက်ဖြစ်လာခဲ့တာ အခုဆိုရင် ၇ ရက်ကြာရှိသွားပြီး ဖြစ်လို့ ဘန်ကောက်မြို့မှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေဟာ ထိုင်းနိုင်ငံရဲ့ အားအထားရဆုံး ခရီးသွားလုပ်ငန်းကို ထိခိုက်လာနေပြီ ဖြစ်ပါတယ်။

