Home
မြန်မာသတင်း
ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းကျေးရွာတိုက်ပွဲ PDF ၉ ဦးနှင့် စစ်ကောင်စီဘက်က ၄ ဦး ကျဆုံး
DVB
·
July 3, 2021

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ဆပ်ပြာကျင်းကျေးရွာအနီးမှာ ဇူလိုင် ၂ ရက်နေ့က အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားရာ PDF တပ်ဖွဲ့ဝင် ၉ ဦးကျဆုံးပြီး အကြမ်းဖက်စစ်တပ်ဘက်က ၄ ဦး ကျဆုံးတယ်လို့ မြို့နယ် PDF ပြန်ကြားရေးက ပြောပါတယ်။

“မနက် ၆ နာရီလောက် ဆပ်ပြာကျင်းရွာဘက်ကို စစ်ကောင်စီအဖွဲ့တွေက SKAT ကား ၄ စီး၊ အင်အား ၁၅၀ လောက် ဝင်ရောက်လာတယ်။ အဲဒါကြောင့် ဆပ်ပြာကျင်းကျေးရွာ၊ ဘုတ်ရွာ၊ အုန်းဒင်၊ ကျွန်းတောကြီး၊ ကျွန်းတောလေး၊ အင်ပင်နဲ့ အနီးနားက ကျေးရွာနေပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ကြရတယ်။ မနက် ၈ နာရီဝန်းကျင်လောက်မှာ ထွက်ပြေးနေတဲ့ ပြည်သူတွေဘက်ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေ သေနတ်တွေနဲ့ ပစ်ခတ်တယ် (လက်နက်ကြီး အချက် ၃၀ ခန့်)။ ဒါကို မခံမရပ်နိုင်ဖြစ်လို့ မြို့နယ် PDF အဖွဲ့ဝင်တွေက မနက် ၁၀ နာရီအချိန်အထိ ပြန်ခုခံခဲကြတယ်။” 

ဒီပဲယင်းမြို့နယ် PDF အဖွဲ့ဝင်တွေ ပြန်လည်ခုခံခဲ့တဲ့အတွက် အကြမ်းဖက်စစ်တပ်ဟာ နီးစပ်ရာရွာဖြစ်တဲ့ ကျွန်းတော‌လေး‌ကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲခဲ့ကြောင်း၊ ဒီနောက် နေ့လယ် ၂ နာရီလောက်ကနေ ညနေ ၆ နာရီအချိန်ထိ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မြို့နယ် PDF အဖွဲ့တွေ အပြန်အလှန် ပစ်ခတ်ကြရာမှာ အကြမ်းဖက်စစ်တပ်ဘက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာ ခံခဲ့ရတယ်လို့ PDF အဖွဲ့ကပြောပါတယ်။

“ဒီနေ့မနက်ပိုင်းအထိ လတ်တလော စိစစ်ရသလောက်ကတော့ မြို့နယ် PDF အဖွဲ့ဝင်တွေထဲက ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦး၊ ကျဆုံးသူ ၉ ဦးနဲ့ ဖမ်းဆီးခံရသူ ၁ ဦးရှိတယ်။ နောက်ထပ်လည်း တိုးလာနိုင်တယ်။ စစ်ကောင်စီဘက်ကတော့ ၄ ဦးသေ၊ ၇ ဦး ဒဏ်ရာရတယ်လို့တော့ သိရတယ်။ ကျနော်တို့ဘက်က အကျအဆုံးများတာက မြေပြင်အနေအထားနဲ့ လက်နက်ပါပဲ။ ကွင်းပြင်ကျယ်မှာ ခံတိုက်ရတာဆိုတော့ အဝေးပစ်နိုင်တဲ့လက်နက်က တပမ်းသာသွားတာပါ ကျနော်တို့ မကြောက်ပါဘူး။” 

ကျွန်းတောကြီးကျေးရွာ၊ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ဟာ ညပိုင်းအချိန်ထိ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်နေတာဖြစ်လို့ အပြစ်မဲ့ပြည်သူလူထုတွေ ထိခိုက်တာတွေလည်း ရှိနိုင်တယ်လို့ဆိုပါတယ်။

စစ်ဆင်ရေးဆင်းလာစဉ်မှာလည်း လမ်းသွားလမ်းလာ ပြည်သူနှစ်ဦးကို သေနတ်နဲ့ပစ်ခတ်ထားခဲ့တာရှိပေမဲ့ ဘယ်သူမှ အလောင်းကောက် မသွားရဲကြဘူးလို့ လည်း သိရပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ အခုမနက်ပိုင်းအချိန်အထိ ပစ်ခတ်တာတွေ တောနင်းရှာဖွေတာတွေ ပြုလုပ်နေလို့ ပစ်ခတ်မှုနဲ့နီးစပ်တဲ့ ကျေးရွာ ၁၀ ရွာလောက်ဟာ အခုချိန်အထိ တောထဲမှာ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ရေနဲ့ အစားအသောက် အဓိက လိုအပ်နေတယ်လို့ PDF အဖွဲ့က ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024