ဂျာမနီလက်ရွေးစင်အသင်းကနေ အနားယူလိုက်ပြီဖြစ်ကြောင်း ကွင်းလယ်လူ တိုနီခရူးစ်က ကြေညာလိုက်ပါတယ်။
ယူရိုပြိုင်ပွဲ ၁၆ သင်းအဆင့်မှာ အင်္ဂလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်မှာ လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆိုရှယ်မီဒီယာကနေလည်း အသင်းပရိသတ်တွေကို နှုတ်ဆက်စာရေးသားထားပြီး ၂၀၂၂ ကမ္ဘာ့ဖလားနဲ့ နီးကပ်နေပေမယ့် မိသားစုနဲ့ ကလပ်အသင်းအတွက် ပိုမိုအာရုံစိုက်ချင်တာကြောင့်ဖြစ်တယ်လို့ ခရူးစ်က ရေးသားထားပါတယ်။
“ဂျာမန်ဂျာစီကို နှစ်အတော်ကြာတဲ့အထိ ဝတ်ဆင်ကစားခွင့်ရခဲ့တာက အထူးဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ ဂုဏ်ယူမှုတွေ ချစ်မြတ်နိုးမှုတွေနဲ့ ကစားခဲ့တာပါ။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ အဲဒီလိုပဲ ဝေဖန်ခဲ့ကြသူတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပြ ဂျိုအာချင်လိုးကိုလည်း ကျေးဇူးတင်ပြီး ကျနော်ကို ယုံကြည်စွာနဲ့ လက်ရွေးစင်နဲ့ ကမ္ဘာ့ချန်ပီယံဖြစ်အောင် လုပ်ဆောင်ပေးခဲ့တယ်။ နည်းပြသစ် ဟန်ဆီဖလစ်အနေနဲ့လည်း အောင်မြင်မှုတွေရရှိပါစေ” လို့ ခရူးက ပြောပါတယ်။
အသက် ၃၁ နှစ်ရှိ ခရူးစ်ဟာ ဂျာမနီအတွက် ၁၀၉ ပွဲကစားခဲ့ပြီး ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့ချန် ပီယံဆုဖလား ရယူနိုင်ခဲ့ပါတယ်။