စစ်ကောင်စီတပ်တွေက ဇူလိုင် ၂ ရက်နေ့က ကနီမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားရာအနီးက အပြစ်မဲ့ပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေကို ပစ်ခတ်တာကြောင့် နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇူလိုင် ၁ ရက်နေ့ ညနေပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဒီနေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီး ကျေးရွာသားတစ်ဦးက *ဒီကောင်တွေ မနက်ကတည်းက ကျနော်တို့ရွာအနီးက လမ်းဆုံမှာ တပ်စွဲထားတယ်။ သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ကျေးရွာဘက်ကိုလှမ်းပစ်တယ်။ ရွာသားတွေကတော့ ရွာထဲမှာ မရှိလောက်တော့ဘူး။ မနေ့ကတည်းက ထွက်ပြေးနေရတယ်။ ကျနော့်အိမ်တော့ လက်နက်ကြီး လေးချက်ပစ်ခံလိုက်ရတယ်” လို့ ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက မနေ့ကတိုက်ပွဲဖြစ်ပွားတဲ့အနီး ကျေးရွာတွေကို ရှာဖွေဖျက်ဆီးတာတွေ လုပ်ပြီး ကျွန်းဖျားကျေးရွာသား တစ်ဦးဆီကနေလည်း ရွှေတစ်ကျပ်ခွဲသား၊ ငွေသားခြောက်သိန်းကျော်နဲ့ တန်ဖိုးကြီးဆိုင်ကယ်ကို ယူဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
ကနီမြို့နယ်အတွင်း ကျေးရွာတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက နေအိမ်တွေကို ရှာဖွေဖျက်ဆီးတာ၊ ဆိုင်ကယ်တွေ ယူဆောင်တာနဲ့ မီးရှို့တာတွေ လုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။