“လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်သင့်နေပြီ” ဒါမီယံလီလီနှင့် မေးမြန်းချက်

ကုလသမဂ္ဂဟာ မြန်မာနိုင်ငံက လူ့အခွင့်အရေးချိုးဖေါက်မှုတွေ၊ စစ်ကောင်စီက ရက်ရက်စက်စက် ချေမှုန်းနေတာတွေ၊ ဖမ်းဆီးအကြမ်းဖက်နေခဲ့တာတွေအပေါ်မှာ ကုလသမဂ္ဂအဖွဲ့အစည်းမျိုးစုံဟာ အရေးကြီးတဲ့အလုပ်တွေမလုပ်နိုင်ဘဲ ထိုင်ကြည့်နေတယ်ဆိုတဲ့ ကုလသမဂ္ဂနဲ့ ပတ်သက်လို့ ဝေဖန်ထောက်ပြထားတဲ့ အစီရင်ခံစာ ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ခဲ့ပါတယ်။   အဲဒီအစီရင်ခံစာ ရေးသားသူကတော့ ဒါမီယံလီလီဖြစ်ပါတယ်။

ဒီအစီရင်ခံစာပါအကြောင်းအရာတွေ၊ ဒီအစီရင်ခံစာနဲ့ ပတ်သက်လို့ မျှော်လင့်ချက်တွေအကြောင်း Myanmar Accountability Project ရဲ့ အကြံပေး ဒါမီယံလီလီကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ပထမဆုံးအနေနဲ့ ဒီအစီရင်ခံစာရေးဖြစ်တဲ့အကြောင်း၊ ဘာကြောင့် ရေးဖြစ်တဲ့အကြောင်း ရှင်းပြပေးပါလား။

ဖြေ။ ။ “ခုလိုပြောခွင့်ရတာ ဘာကြောင့် ဒီအစီရင်ခံစာရေးဖြစ်ခဲ့တာတွေ ရှင်းပြခွင့်ရတာ ကျေးဇူးတင်ပါတယ်”။

“ကုလသမဂ္ဂအဖွဲ့အစည်းအတွက် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးပေမယ့် ခုတော့ မလုပ်ဖြစ်တော့ပါဘူး။ အခုတော့ Myanmar Accountability Project လို့ခေါ်တဲ့ အဖွဲ့အစည်းတခုမှာ အကြံပေးလုပ်နေပါတယ်။ စစ်အာဏာမသိမ်းခင် ဇန်နဝါရီလလောက်မှာ ကျနော် ရန်ကုန်မြို့ကိုရောက်ခဲ့ပါတယ်။  ကျနော့်ဇနီးက မြန်မာနိုင်ငံထဲမှာရှိတဲ့ အဖွဲ့အစည်းတခုမှာ အလုပ်လုပ်နေတာကြောင့်ပါ။  မြန်မာနိုင်ငံက လူတွေအကြောင်း သမိုင်းကြောင်းတွေအကြောင်း သိပ်မသိခဲ့ဖူးပါဘူး။ လူတွေအားလုံးနဲ့တွေ့ဆုံကြည့်ဖို့ အရမ်းစိတ်ဝင်စားနေခဲ့တဲ့အချိန်မှာပဲ စစ်အာဏာသိမ်းမှုဖြစ်ခဲ့တာပါ။ စစ်အာဏာသိမ်းမှုကို ကုလသမဂ္ဂတုံ့ပြန်မှုကိုကြည့်ရတာ တုန်လှုပ်မိပါတယ်။ ဒီလို အခြေအနေမျိုးကို ကုလသမဂ္ဂအဖွဲ့အစည်းတွေရှိတဲ့ တခြားနိုင်ငံတွေမှာလို မတုံ့ပြန်တာကို အံ့ဩတယ်။ စစ်အာဏာသိမ်းတာပဲဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခ၊ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး စသဖြင့် မြန်မာနိုင်ငံမှာ ကံမကောင်းစွာပဲ မြင်တွေ့နေရတဲ့ ပြဿနာတွေကို ကုလသမဂ္ဂတုံ့ပြန်ပုံက ထူးခြားနေတယ်။ တခြားနိုင်ငံတွေက ခုလိုအခြေအနေမျိုးမှာ ကုလသမဂ္ဂတုံ့ပြန်ပုံနဲ့ မတူညီတာကို အံ့ဩမိလာတယ်။ ဒီအခြေအနေအကြောင်း လေ့လာရင်း စာရေးပြီး ဘာကြောင့် ခုလိုဖြစ်နေတာလဲ နားလည်ချင်စိတ်ဖြစ်လာတယ်။  လွန်ခဲ့တဲ့နှစ်ပိုင်း ရခိုင်ပြည်နယ်က အကြပ်အတည်းမှာ ကုလသမဂ္ဂ အလုပ်မဖြစ်ခဲ့တာတွေလည်း ပြန်ကြည့်ပြီး လုံးဝအစွန်းရောက် အဆိုးမြင်တာမဟုတ်ဘဲ အမြင်ပေါင်းစုံ ခြုံငုံကြည့်မြင်တဲ့သဘောမျိုးနဲ့ မြန်မာနိုင်ငံပြဿနာမှာ ကုလသမဂ္ဂအဖွဲ့ ဘာတွေထပ်လုပ်နိုင်ဦးမလဲဆိုတဲ့ အမြင်နဲ့ ချဉ်းကပ်ကြည့်မိတာပါ။”

မေး။ ။ အဆိုပြုချက်တချို့ကို အစီရင်ခံစာမှာတွေ့ရပါတယ်။ ပိုကောင်းတဲ့ ဦးဆောင်မှု၊ ဖွဲ့စည်းတည်ဆောက်ပုံ၊ မဟာဗျူဟာချမှတ်ရေး၊ နိုင်ငံရေးအရ စိတ်ပါဝင်စားမှု တခြားသူတွေနဲ့ ပူးပေါင်းဆောက်ရွက်မှု စသဖြင့် ဆိုတော့ မြန်မာ့နိုင်ငံရေးပြဿနာကို အဖြေရှာဖို့ လက်တွေ့ကျကျ အဖြစ်နိုင်ဆုံး အဆိုပြုချက်က ဘာတွေဖြစ်မလဲ။ ကုလသမဂ္ဂ အဖွဲ့အစည်းတခုလုံးရဲ့ ပြုပြင်ပြောင်းလဲရေး အပါအဝင်ပေါ့လေ။ 

ဖြေ။ ။ “ကျနော် ထင်တာတော့ ကုလသမဂ္ဂအဖွဲ့အစည်းကို နားလည်ဖို့ရာနှစ်ပိုင်းခွဲပြောနိုင်ပါတယ်။ ပထမတခုက ကုလအဖွဲ့ဝင်နိုင်ငံတွေ၊ အစိုးရတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေထဲ လုံခြုံရေးကောင်စီတွေ မြန်မာနိုင်ငံလည်း အဖွဲ့ဝင်ဖြစ်နေတဲ့ ကုလ အထွေထွေညီလာခံတွေ စသဖြင့် ရှိပါတယ်။

နောက်တခုကတော့ ကုလသမဂ္ဂက ငွေထောက်ပံ့ပြီး စီမံခန့်ခွဲတဲ့ လက်တွေ့ကွင်းဆင်းလုပ်တဲ့ အဖွဲ့တွေပါ။ ကုလသမဂ္ဂအဖွဲ့ကြီးအကြောင်း တင်ပြတဲ့ခါ နှစ်ပိုင်းစလုံးက တညီတညွတ် ဘာလုပ်နိုင်ကြမလဲလို့ ဆိုလိုပါတယ်။ မြန်မာ့ပြဿနာ အတိမ်အနက်နဲ့ နှိုင်းရင် စိတ်ပျက်လောက်အောင် အလုပ်မဖြစ်ကြတာကို တွေ့မြင်နေတာပါ။ မြန်မာနိုင်ငံသားတွေအနေနဲ့ ဒီအဖွဲ့အစည်းကြီးကနေ ဒီထက်ပိုမျှော်လင့်စရာတွေရှိနေတယ်လို့ ဆိုလိုပါတယ်။

ပထမဆုံးကတော့ လုံခြုံရေးကောင်စီ အလုပ်မဖြစ်တာကို ဖြေရှင်းဖို့ နိုင်ငံရေး စိတ်ဆန္ဒ လိုအပ်ပါတယ်။ လက်နက်ရောင်းဝယ်မှုထိန်းချုပ်ရေးကအစ ဘာမှ အရေးယူဆောင်ရွက်လို့ မရတာတွေ အားလုံးသိကြပါတယ်။ စစ်အစိုးရကို ပိတ်ဆို့အရေးယူတာတွေ၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးကို လွှဲပြောင်းပေးတာမျိုးတွေ စသဖြင့် တခြားနိုင်ငံတွေက အလားတူ အခြေအနေမျိုးမှာ လုံခြုံရေးကောင်စီအနေနဲ့ လုပ်ဆောင်နိုင်ခဲ့တာတွေကို  မြန်မာနိုင်ငံက အခြေအနေမှာ မလုပ်ဆောင်နိုင်ကြတာကို တွေ့မြင်နေရပါတယ်။ 

နိုင်ငံရေး အကြောင်းပြချက်တွေရှိနေတယ်၊ လုံခြုံရေးကောင်စီမှာ ရှေ့တိုးမရဖြစ်နေတယ်ဆိုတာ သိနေရပါတယ်။ လိုအပ်နေတာက ကုလသမဂ္ဂအမြင့်ဆုံးအဆင့် အတွင်းရေးမှူးချုပ်အဆင့် ဦးဆောင်မှုပါ။ အတွင်းရေးမှူးချုပ်က ဦးဆောင်ပြီး မြန်မာနိုင်ငံက အစုအဖွဲ့တွေနဲ့ တွေ့ဆုံသင့်ပါတယ်။ နိုင်ငံရေးဖြစ်စဉ်တွေ မျိုးစုံကို ဆွေးနွေးဖော်ထုတ်ရပါမယ်။ အာဆီယံနဲ့ ဒေသတွင်းနိုင်ငံတွေနဲ့တွေ့ပြီး နိုင်ငံရေးအဖြေရှာနိုင်ဖို့ ကုလသမဂ္ဂ အခန်းကဏ္ဍမြှင့်တင်ဖို့လိုတယ်။ လောလောဆယ် ကျနော့်အမြင်မှာတော့ ကုလသမဂ္ဂရဲ့ နိုင်ငံရေးဗျူဟာအရ သိပ်မရှိဘူးလို့ ပြောချင်တယ်။”

မေး။ ။ အစီရင်ခံစာထဲမှာ ဖော်ပြထားတာတခုက အာဏာသိမ်းချိန်မှာရှိနေတဲ့ ကုလအဖွဲ့အစည်းတွေအကြောင်းပါ။ မြန်မာနိုင်ငံမှာ နေ့စဉ်ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖြေရှင်းပေးဖို့ သူတို့တွေက မတတ်နိုင်ဘူး၊ ဒါမှမဟုတ် လုပ်ပေးချင်စိတ်မရှိကြဘူးလို့ ရေးထားတာက ဘယ်လိုအကြောင်းကြောင့်လဲ။ 

ဖြေ။ ။ “သူတို့ကတော့ ကုလသမဂ္ဂရဲ့ ငွေကြေးနဲ့ လည်ပတ်နေတဲ့ အားလုံးသိကြတဲ့ တခြားအစိတ်အပိုင်းတခုပါ။ သူတို့ကိုယ်စားတော့ ကျနော်မပြောနိုင်ပါဘူး။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ဘာတွေလုပ်နေကြလဲ မြင်ရပါတယ်။ မြန်မာနိုင်ငံသားတွေ အရေးပေါ်လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးနေကြပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ ဘာတွေထပ်ပြီး ကူညီထောက်ပံ့ပေးနိုင်မလဲ ဆိုရင်တော့ ပထမဆုံးကတော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပိုမိုလိုအပ်လာတာနဲ့ ပတ်သက်တာတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေ ပိုဆိုးလာတဲ့နေရာမှာ စစ်ဘေးရှောင်ရတဲ့ လူဦးရေ ၂ သိန်း ၃ သောင်းကျော် အခြေအနေ၊ ဆန္ဒပြပွဲတွေ အရှိန်မြင့်လာတာနဲ့အမျှ ဆက်စပ်ပြီး ထိခိုက်ခံစားရတဲ့ လူထုတွေ၊ ပိုဆိုးရွားလာနေတဲ့ စိတ်ပိုင်းဆိုင်ရာပံ့ပိုး ဥပဒေရေးရာ အထောက်အကူပြုလိုအပ်တဲ့ အခြေအနေတွေ၊ တဦးချင်းဖြစ်စေ အဲဒီလိုအပ်ချက် အားလုံးကို ဖြည့်ဆည်းပေးဖို့ ခက်ခဲလွန်းနေတာတွေ ဖြစ်နေပါတယ်။ မြန်မာအာဏာပိုင်တွေ သဘောတူမှ လုပ်လို့ရတဲ့အခြေအနေမှာ ကုလသမဂ္ဂလုပ်ရမယ့်အလုပ်တွေအတွက် အခက်ခဲဆုံးနဲ့ စိန်ခေါ်မူအများဆုံး အခြေအနေဖြစ်နေပါတယ်။” 

“ဒေသခံ အာဏာပိုင်တွေက ခွင့်ပြုတဲ့အခြေအနေက စိန်ခေါ်မှုတွေ တိုးပွားလာနေတဲ့အခြေအနေမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေအနေနဲ့ အရင်ထက် နှစ်ဆပိုပြီး ကြိုးပမ်းသင့်တယ်လို့ ထင်ပါတယ်။ အလှူရှင်နိုင်ငံတွေရဲ့ အလှူငွေတွေ တောင်းခံထားတဲ့ ရန်ပုံငွေခွဲဝေချထားမူတွေလည်း လိုအပ်ပါတယ်။  ကမ္ဘာ့တခြားနေရာက အကြပ်အတည်းတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံရေးမှာ ရန်ပုံငွေအားနည်းနေပါတယ်။ မြန်မာနိုင်ငံအရေးဟာ နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ထိပ်ဆုံးသတင်းခေါင်းစဉ်လို ပါမလာတော့ဘူး၊ မြန်မာနိုင်ငံအတွက် ရန်ပုံငွေအရနည်းလာရင် လှုပ်ရှားဆောင်ရွက်နိုင်တာတွေနည်းလာမယ်။ အရေးကြီးတာက ကုလသမဂ္ဂဟာ မြန်မာနိုင်ငံပြဿနာနဲ့ အပြုသဘောထောက်ပံ့ကူညီနိုင်စရာတွေအကြောင်း လူသိများလာအောင် တင်ပြနှိုးဆော်သင့်တယ်လို့ ထင်ပါတယ်။”

မေး။ ။ အစီရင်ခံစာ တနေရာမှာ ဖော်ပြထားတာက ကုလအဖွဲ့ကြီး အလုပ်မဖြစ်ဘဲ နှေးကွေးနေမယ်ဆိုရင် ပျက်စီးဆုံးရှုံးနိုင်တဲ့အခြေအနေဟာ ခန့်မှန်းလို့ မရနိုင်အောင်ဘဲလို့ ဆိုထားပါတယ်။ ဆိုကြပါစို့ အဆိုးဆုံးအခြေအနေမှာ မြန်မာ့အပြောင်းအလဲအတွက် ကုလသမဂ္ဂ အကူအညီ ဘာမှဖြစ်မလာရင် ကျရှုံးနိုင်ငံဖြစ်တော့မယ်လို့ အများကထင်မှတ်နေတဲ့ နိုင်ငံဟာ ဘယ်လောက်ဆိုးရွားသွားနိုင်မယ်ထင်လဲ။

ဖြေ။ ။ “ကုလသမဂ္ဂအနေနဲ့ ကမ္ဘာတလွှားမှာ ခုလိုအခြေအနေကြုံလာရင် အတွင်းရေးမှူးချုပ်တာဝန်က ကာကွယ်ဖို့ပါ။ သူ တာဝန်စယူကတည်းက ဒီလိုအခြေအနေမှာ စောင့်ဆိုင်းမနေဘဲ တုံ့ပြန်ဖို့စိတ်ကူးကို လှုံ့ဆော်ခဲ့ပါတယ်။ သူက နိုင်ငံတကာကို တိုက်တွန်းတာက စောင့်ဆိုင်းမနေဘဲ လူထုကိုအမြန်ကာကွယ်ပေးဖို့ပါ။ ဒါပေမဲ့ ကျနော်မြင်သလောက်ရယ် ကျနော့်ထက် ပိုသိသူတွေအမြင်အရ တုံ့ပြန်ဆောင်ရွက်ဖို့ ပျက်ကွက်နေခဲ့တာတွေမှာ အရင်နှစ်ပိုင်းက ရခိုင်ပြည်နယ်က ပြဿနာရှိနေပါတယ်။ အဲဒီအတွေ့အကြုံအရ ပြဿနာတွေကို မဖြေရှင်းပေးနိုင်ခဲ့တဲ့ သင်ခန်းစာပါပဲ။ အပြစ်ပေးအရေးယူတာတွေ မလုပ်နိုင်ခဲ့တဲ့အတွက် စစ်ဗိုလ်ချုပ်ကြီးတွေက ခုလိုဆက်လုပ်နိုင်နေကြတယ်။ ဒီနေ့ ဖြစ်ပျက်နေတဲ့ အခြေအနေတွေအထိ ဖြစ်လာနေတယ်။ မကာကွယ်ပေးနိုင်တဲ့ သင်ခန်းစာတွေ တွေ့မြင်ခဲ့ရပါတယ်။” 

“အဆုံးစွန် လက်နက်ကိုင်ပဋိပက္ခဖြစ်စေ၊ ပြိုကျပျက်စီးမယ့်နိုင်ငံတခု ဖြစ်မယ့်အခြေအနေ ရောက်လာတယ်။ စစ်ဘေးရှောင်ရတဲ့ လူထူတွေပိုများလာတယ်။ တောထဲသာမက မြို့ပေါ်စစ်ပွဲတွေ ဖြစ်ပေါ်လာနေတယ်။ ကုလသမဂ္ဂအတွက် အဓိကပြောချင်တာကတော့ လုံခြုံရေးကောင်စီက အရေးယူဆောင်ရွက်သင့်နေပြီ။ အရေးယူဆောင်ရွက်တာမရှိရင်တော့ လာမယ့်လပိုင်းတွေမှာ ဒီထက်ဆိုးရွားတဲ့ အခြေအနေမြင်ရဖို့ရှိတယ်။ အဲဒီလောက် ဆိုးရွားမသွားအောင် လမ်းကြောင်းပြောင်းနိုင်ဖို့က အားလုံးမှာ တာဝန်ရှိတယ်လို့ ထင်ပါတယ်။”

မေး။ ။ အထူးသဖြင့် မြန်မာနိုင်ငံသားတွေ ဆန္ဒပြပွဲထဲက လူငယ်တွေ၊ CDM လုပ်နေတဲ့ ဝန်ထမ်းတွေ၊ တချို့ဆိုရင် အခု လက်နက်ကိုင်ခုခံနေကြပြီ၊ တချို့က ကုလသမဂ္ဂကို ဆန္ဒပြရင်းမေးခဲ့ကြတယ်။ R2P ကာကွယ်ခွင့်အတွက် အသက်ဘယ်လောက်ပေးရမလဲ မေးကြတယ်၊ အခု ဆက်ပီး မမေးကြတော့ဘူး။ ခုချိန် ဆက်လက်တိုက်ပွဲဝင်နေတဲ့သူတွေ ကုလသမဂ္ဂအဖွဲ့ ရှိမရှိ ဂရုမစိုက်တော့တဲ့သူတွေအတွက် ကုလသမဂ္ဂအဖွဲ့ကို ခံစားချက်သိပ်မကောင်းတဲ့သူတွေကို တခုခုပြောဆိုချင်တာများရှိမလား။ 

ဖြေ။ ။ “အဲဒီ စိုးရိမ်သောကတွေကို ကျနော် စာနာနားလည်နိုင်ပါတယ်။ သိသိသာသာ မြင်နေရပါတယ်။ အရေးယူဆောင်ရွက်ဖို့ တောင်းဆိုနေတဲ့သူတွေ စိတ်ပျက်လောက်အောင် ကုလသမဂ္ဂအဖွဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။ ကံမကောင်းစွာပဲ လူ့အခွင့်အရေးပြဿနာ ဖြေရှင်းရေးမှာတော့ မြန်မာနိုင်ငံသာမက တခြားနိုင်ငံတွေဖြစ်ဖြစ် ကမ္ဘာ့နိုင်ငံပေါင်းစုံက တညီတညွတ်တည်း တပုံစံတည်း ထောက်ခံအားပေးမှု မရှိကြပါဘူး။ ကျနော် နယူးယောက်ခ် လုံခြုံရေးကောင်စီမှာ အလုပ်လုပ်တုန်းကလည်း R2P ကို မယုံကြည်တာတွေရှိတယ်။ ဒါဟာနိုင်ငံရေးဘက်ဆွဲယူတယ်၊ R2P အယူအဆဟာ သေဆုံးသွားပြီ စသဖြင့် ပြောဆိုကြတယ်။ လူတွေက R2P တောင်းဆိုတဲ့ ဆိုင်းဘုတ်တွေမြင်ရတော့ ဒီစဉ်းစားချက်ဟာ ပျောက်ကွယ်မသွားဘူးလို့ ဆိုရမယ်။ သူတို့ခံစားကြရတယ် နိုင်ငံတကာအကူအညီရဖို့ တောင်းဆိုကြတယ်။ ဒါပေမဲ့ နိုင်ငံတကာခေါင်းဆောင်တွေ ကုလသမဂ္ဂအဖွဲ့အစည်းတွေက ကြေညာချက်တွေပဲ ထုတ်နေပြီး လက်တွေ့အရေးယူဆောင်ရွက်မှု မရှိဘူး။ ဒါပေမဲ့ နိုင်ငံတကာ သဘောတူညီထားတဲ့ ဉပဒေအခွင့်အရေးတွေနဲ့ ဖြစ်စဉ်တွေက ရှည်ကြာတတ်ပါတယ်။

အခု ကျနော် အလုပ်လုပ်နေတဲ့ Myanmar Accountability Project က လှုံ့ဆော်နေတဲ့ ဉပဒေအရ တာဝန်ခံမှုဟာလည်း နိုင်ငံတကာ တရားမျှတရေး အခြေအနေအရ နှေးကွေးတဲ့ လမ်းကြောင်းပါ။ ဒါပေမဲ့ ပြဿနာကို ဖြေရှင်းဖို့ ဥပဒေအရ တာဝန်ယူမှု တိုးတက်လာနိုင်ဖို့ အခွင့်အလမ်းတခုပါပဲ။ အပြောင်းအလဲဟာ မြန်မာနိုင်ငံတွင်း လှုပ်ရှားမှုကြောင့်ပဲ ဖြစ်လာနိုင်မယ်ဆိုပေမယ့် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း အလားတူ ထိုက်တန်တဲ့ အားထုတ်မှုတွေ လိုအပ်ပါတယ်။” 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up