ဆီးရီးယားတွင် အမေရိကန်တပ်များ ဒုံးကျည်ဖြင့် အပစ်ခံရ

ဆီးရီးယားနဲ့ အီရတ်နိုင်ငံထဲမှာရှိပြီး အီရန်နဲ့ မဟာမိတ်ပြုထားတဲ့ ပြည်သူ့စစ်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်အပြီး နောက်နေ့မှာ အမေရိကန်တပ်တွေဟာ ဒုံးကျည်တွေနဲ့ အပစ်ခံနေရတယ်လို့ အမေရိကန် အရာရှိတယောက်က ဇွန် ၂၉ ရက်မှာ ပြောပါတယ်။

ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ အမေရိကန် စစ်တပ်ကလည်း ပစ်ခတ်ရာ နေရာတွေဆီကို ဒုံးကျည်တွေနဲ့ တုံ့ပြန်ခဲ့တယ်လို့ အမေရိကန် စစ်တပ် ပြောခွင့်ရက ပြောပါတယ်။

 ပစ်ခတ်မှုကြောင့် အမေရိကန်ဘက်က အထိအခိုက် မရှိဘူးလို့လည်း အမေရိကန် ကာကွယ်ရေးဌာန ပြန်ကြားရေး အတွင်းရေးမှူး ဂျွန်ကာဘီက ပြောပါတယ်။

ခြံဝင်းထဲက အဆောက်အအုံ ၂ ခုမှာ အပျက်အစီးတချို့ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ အမေရိကန်က ကျောထောက်နောက်ခံပေးထားတဲ့ ဆီးရီးယား ဒီမိုကရက်တစ်တပ်က ထိန်းချုပ်ထားတဲ့ အယ်လ်အိုမာ ရေနံမြေဆီကို အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်သူ့စစ် အုပ်စုက အမြောက်အချက်ရေ နည်းနည်း ပစ်ခတ်ခဲ့တယ်လို့ ဆီးရီးယား အရှေ့ပိုင်း ဒီယာ အယ်လ်ဇော မြို့က သတင်းရင်းမြစ်တွေက ပြောပါတယ်။

အီရတ်နဲ့ ဆီးရီးယား နယ်စပ်တိုက်ပွဲအတွင်း ခါတစ်ဘ်ဆေးယတ် အယ်လ်ရှုဟာဒါ ပြည်သူ့စစ် အဖွဲ့ဝင် ၄ ယောက် အသတ်ခံရလို့ လက်တုံ့ပြန်မယ်လို့ အီရန်နဲ့ မဟာမိတ် အီရတ် ပြည်သူ့စစ်အဖွဲ့တွေက ကြေညာချက် ထုတ်ပြန်ပါတယ်။

ဒါပေမယ့် အမေရိကန်တပ်တွေကို နောက်ဆုံး ပစ်ခတ်တာ ဘယ်သူတွေမှန်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမေရိကန်ရဲ့ ပစ်ခတ်မှုကို အီရတ်စစ်တပ်က ပြစ်တင် ရှုတ်ချကြောင်း စာထုတ်ခဲ့ပါတယ်။

More News
Up