Home
မြန်မာသတင်း
ကျောက်စုပ်မှုကြောင့် လယ်ယာမြေများ ဆုံးရှုံး
နော်နိုရင်း
·
November 29, 2013
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်ထဲမှာ ဧရာဝတီမြစ်ကမ်းနားဘေး  ကျောက်စရစ်နဲ့ သဲတွေ စုပ်ယူတဲ့ မော်တော်တွေကြောင့် ဒေသခံတောင်သူတွေရဲ့ ကိုင်းမြေတွေ ပြိုကျ ပျက်စီးမှုတွေ ရှိသလို ကန့်ကွက်တဲ့ ရွာသားတွေဟာလည်း ၀တ္တရား နှောင့်ယှက်မှုနဲ့ တရားစွဲဆိုခံနေရပါတယ်။ nrဧရာဝတီမြစ်ကမ်းမှာ တည်ထားတဲ့ မိုးညိုမြို့နယ် ၀ဲကြီးနဲ့ လက်ပံသားကျေးရွာတွေမှာ စီးပွားဖြစ်သဲနဲ့  ကျောက်စရစ်ထုတ်တဲ့ မော်တော်တွေဟာ  မြစ်ထဲကနေ ကျောက်တွေ စုပ်ယူတဲ့ အတွက် မြေလွှာတွေ ပျက်စီးပြီး မြစ်ကမ်းနံဘေးက ကျေးရွာသားတွေ လုပ်ကိုင် စားသောက်တဲ့ ကိုင်းမြေတွေ ပြိုကျပျက်စီးမှုနဲ့ ရင်ဆိုင်နေကြရတာပါ။ ဒီနှစ် ဇူလိုင်ကနေ လက်ရှိအချိန်ထိ မြေဧက ၈၀ လောက် ကမ်းပါးပြိုတဲ့အတွက် ဒေသခံတွေ လုပ်ကိုင်စားသောက်တဲ့  ကိုင်းမြေ ပျက်စီးဆုံးရှုံးတာလို့ လက်ပံသာ ကျေးရွာက ဆယ်အိမ်မှူး  ဦးအောင်ကြည်က ပြောပါတယ်။ “ကျောက်စုပ်မော်တာတွေက ၂၀၁၁  ခုနှစ်ကနေ ၂၀၁၂-၂၀၁၃ ခုနှစ်အထိ ကျောက်က လာစုပ်နေတော့ ကမ်းတွေက ပြိုပြီး တောင်သူတွေ ဒုက္ခရောက်တယ်။ ကမ်းတွေက ၂၀၁၃ ခုနှစ် ၇ လပိုင်းလောက်ကနေ ပြိုလိုက်တာ ဧက ၈၀ လောက်ပြိုသွားတယ်။ ရေကလည်း ကြီးလိုက်တော့ ဧက ၁၀၀ လောက် သဲတွေဖုံးပြီး တောင်သူတွေ အတော်ဒုက္ခရောက်ကြတယ်။” ဒီဒေသမှာ မိုးမြင့်မိုရ်အထွေထွေ စီးပွားရေးလုပ်ငန်း သမ၀ါယမအသင်းလီမိတက် ကနေ ပြီး ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်နဲ့ ၂၀၁၁ ခုနှစ်ကတည်းက  ဒေသခံ ရွာသားတွေကို ငွေပေးပြီး သဲစုပ်ယူတဲ့ လုပ်ငန်းတွေ လုပ်ကိုင်ခဲ့တာလို့ ဆိုပါတယ်။ ဒီနှစ်မှာတော့  ကမ်းပါးပြိုပြီး စိုက်ပျိုးမြေတွေ ပျက်စီးမှု များပြားလာလို့ ရွာသားတွေက ဒီလုပ်ငန်းတွေ ဆက်လုပ်ဖို့ လက်မခံတော့တဲ့အတွက် ဒေသခံ ၂၁ ဦးကို ၀ဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲဆိုခဲ့တယ်လို့  တရားစွဲဆိုခံရသူ ဦးအောင်ကြည်က ပြောပါတယ်။ “ကျနော်တို့ ကျေးရွာတွေကို ဒေသဖွံ့ဖြိုးရေးအတွက် ၁၀ သိန်းပေးမယ်ဆိုပြီး ဆယ် အိမ်မှူးတွေကို ခေါ်ပြီးညှိပါတယ်။ ဆယ်အိမ်မှူးနဲ့ ပြည်သူတွေက အပေးအယူကိစ္စကို လက်မခံတဲ့အတွက် ၀ဲကြီးကျေးရွာ အုပ်ချုပ်ရေးမှူးက တရားစွဲပါတယ်။ အခု ကျနော်တို့ ရုံးမှာ တရားရင်ဆိုင်နေရပါတယ်။ ဥပဒေပုဒ်မကတော့ ၂၉၄ နဲ့ ၅၀၆၊ ၃၃၆၊ ၃၅၂ စတဲ့ ပုဒ်မ ၄ ခုနဲ့ ကျနော်တို့ကို တရားစွဲထားတယ်။” တရားစွဲဆိုခံရတဲ့အတွက်  နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး မိုးညိုမြို့နယ်တရားရုံးမှာ စတင် တရား ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။ သဲစုပ်တဲ့လှေတွေဟာ ညအချိန်မှာ ကမ်းနားကပ်ပြီး သဲစုပ်ယူတဲ့အတွက် မြစ်ကမ်းတွေ ပြို ရတာလို့ မိုးညိုမြို့ခံ ဦးလှိုင်ဝင်းကျော်က ပြောပါတယ်။ “မော်တော်တွေ စုပ်လို့ ကမ်းပါးတွေ ပြိုပြီး တောင်သူတွေ ဒုက္ခရောက်တာ။ သတ်မှတ်ထားတာက ဒီမြစ်ကမ်းပါးနဲ့ မိုင် ၃၀၀ အပြင်ဘက်မှာ အစိုးရက သူတို့ကို စုပ်ပိုင်ခွင့် ပေးထားတယ်။ အဲဒါကို သူတို့က လစ်ရင်လစ်သလို ကမ်းပါးနားတွေမှာပါ ကပ်ပြီး စုပ်ကြတယ်။ ည မှောင်မည်းနေတဲ့အချိန်မှာ မော်တော်တွေကို ခိုးကပ်ပြီး ကမ်းတွေနားမှာ ကျောက်တွေ ခိုးစုပ်တယ်။” ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောက်စုပ်တဲ့ ကုမ္ပဏီကို မေးမြန်းရာမှာတော့ ကမ်းပြိုမှုတွေဟာ သူတိုရဲ့ ကျောက်စုပ်မှုကြောင့် ပြိုတာမဟုတ်ဘဲ မိုးတွင်းက ရေကြီးလို ပြိုတာလို့ ပြန်လည် တုံ့ပြန် ပြောဆိုပါတယ်။ ဒါ့ပြင် ဒေသခံတွေကို တရားစွဲဆိုရတာဟာ သူတို့ရဲ့  မော်တော်ကျောက်ဆူးကြိုးတွေ ဖြတ်တာ၊ လေးနဲ့ ပစ်တာတွေကြောင့် တရားစွဲတာလို့ မိုးမြင့်မိုရ်အထွေထွေ စီးပွားရေးလုပ်ငန်း သမ၀ါယမအသင်းလီမိတက်ရဲ့ အတွင်းရေးမှူး ဦးခင်မောင်ဦးက ပြောပါတယ်။ “မိုးတွင်းက ရေတွေကြီးကို ရေးဆွဲအား ထိုးတဲ့အခါကျတော့ ကမ်းပါးတွေက ပြိုတာ။ ကျနော်တို့ ကျောက်စရစ်ထိုးလို့ ပြိုတာမဟုတ်ပါဘူး။ သူတို့က စိုးရိမ်ပြီး  ကန့်ကွက်နေတာ။ ဂရမ်လိုင်စင်နဲ့ပတ်သက်ပြီး ကျနော်တို့မှာ တရားဝင်ရှိတယ်။ စည်းမျဉ်းစည်းကမ်းနဲ့အညီ ထုတ်ယ်။ အဲဒါကို သူ့တို့က ကန့်ကွက်ပြီး ကျောက်ကြိုးတွေ ဖြတ်တယ်၊ လေးတွေနဲ့ပစ်တယ်။ ကျနော်တို့က အုပ်ချုပ်ရေးမှူးတွေရော၊ ရဲစခန်းမှူးတွေရော ရပ်မိရပ်ဖတွေနဲ့ ဆင်းပြီးညှိတဲ့အခါမှာ လက်မခံဘူးဖြစ်နေတယ်။ လက်မခံလို့ လုပ်ထုံးလုပ်နည်းအရ ကျနော်တို့က တရားစွဲတာပါ။” မိုးမြင့်မိုရ်သမ၀ါယမအသင်းလီမိတက်ဟာ မြစ်ထဲက ကျောက်စရစ်ခဲတွေကို စုပ်ယူပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေဆီ ပြန်လည်ရောင်းချတာ ဖြစ်ပါတယ်။ ဒေသခံရွာသားတွေဟာ မြစ်ကမ်းက ကိုင်းမြေတွေမှာ ပဲမျိုးစုံ၊ ငရုတ်နဲ့ ဂေါ်ဖီ အစရှိတဲ့ သီးနှံတွေကို စိုက်ပျိုးလုပ်ကိုင် စားသောက်ကြတာ ဖြစ်ပြီး မြေပြိုမှုကြောင့် လုပ်ကိုင်စရာ မြေယာ မရှိတော့ဘဲ အခက်အခဲ ကြုံတွေနေရတယ်လို့  ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024