ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဇွန်လ ၂၉ ရက်နေ့ ညနေပိုင်းက လုံခြုံရေးတင်းကျပ်ထားတဲ့ ရုံးပေါင်းစုံရှိရာ အမှတ် ၃ ရပ်ကွက်မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ညနေ ၄ နာရီလောက်မှာ ရုံးပေါင်းစုံက သစ်တောရုံးရှေ့မှာပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ပေါက်တဲ့နေရာက စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ နေရာနဲ့ အနီးဆုံးလို့ ပြောရမယ်၊ အသံကတော့ တော်တော်ကျယ်တယ်၊ ထိလား မထိလားတော့ မပြောတတ်သေးဘူး”လို့ ဒေသခံတဦးက DVB ကို ပြောပါတယ်။
ဗုံးပေါက်ကွဲခဲ့တဲ့နေရာဟာ အကြမ်းဖက်စစ်အုပ်စု တပ်စွဲထားတဲ့ ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ အားကစားရုံနဲ့ နီးစပ်တဲ့နေရာဖြစ်ပြီး ပေါက်ကွဲချိန်မှာ ဒဏ်ရာရရှိသူ ရှိ၊ မရှိဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။
ဗုံးပေါက်ကွဲတဲ့နေရာကို မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေ လာရောက်ချိန်မှာ မပေါက်ကွဲသေးတဲ့ဗုံး ၁ လုံး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
မပေါက်ကွဲသေးတဲ့ ဗုံးကို အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကားတာယာကွင်းတွေနဲ့ ဝိုင်းထားပြီး ဖြုတ်ဖို့စောင့်နေချိန် ညနေ ၄ နာရီ ၄၀ လောက်မှာ ထပ်မံပေါက်ကွဲသွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။