ဘဏ္ဍာရေးနှစ် မကုန်ခင် အရက်၊ ဘီယာ တင်သွင်းခွင့်ပြုဖွယ်ရှိ
DVB
·
November 29, 2013
အခု ဘဏ္ဍာရေးနှစ်မကုန်ခင် ပိတ်ပင်ထားတဲ့ နိုင်ငံခြားဖြစ် အရက်နဲ့ ဘီယာ အဖျော် ယမကာ တင်သွင်းမှုကို ခွင့်ပြုပေးနိုင်ဖို့ ရှိတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတဦးက ပြောပါတယ်။
လောလောဆယ် နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင် သိုလှောင်ထားတဲ့ ဂိုဒေါင်တွေနဲ့ ကားနဲ့ သယ်ယူတာကို ဖမ်းဆီးတာ လုပ်နေတဲ့အပြင် တိုင်ကြားရင် ဖမ်းဆီးပေးမယ်လို့ Mobile Team အဖွဲ့ရဲ့ ပြောကြားချက်တွေကြောင့် ကုန်တိုက်နဲ့ လစ်ကွာဟောက်စ် အတော်များများဟာ အရောင်းစင်တွေပေါ်ကနေ အရက်၊ ဘီယာနဲ့ ၀ိုင်တွေကို ဖယ်ရှားလျက်ရှိပါတယ်။
ဒီအတွက် နိုင်ငံခြားဖြစ် အရက်၊ ဘီယာနဲ့ ၀ိုင်တွေ ၀ယ်ယူရ ခက်လာတဲ့အပြင် ဈေးနှုန်း လည်း မြင့်တက်လာတဲ့ အခြေအနေတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို ဒီဗွီဘီက မေးမြန်းရာမှာ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူက ခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။
အရင် စစ်အစိုးရခေတ်ကနေ ခုချိန်အထိ အစိုးရဟာ နိုင်ငံခြားကနေ အရက်၊ ဘီယာနဲ့ ၀ိုင် တင်သွင်းခွင့် လုံးဝ ပိတ်ပင်ထားပြီး ဟိုတယ်တွေ၊ နိုင်ငံခြားသားတွေ သွားတတ်တဲ့ စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်တချို့ကို သီးသန့်ပါမစ်နဲ့ တင်သွင်းခွင့်ပေးပြီး အဲဒါတွေကို ဈေးကွက်ထဲမှာ ရောင်းချဖို့တော့ ခွင့်မပြုပါဘူး။