ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ ကျောင်းဆရာမနဲ့ ကျောင်းသားတွေ၊ မိသားစုဝင်တွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရပြီး နေ့စဉ်လို လူနာတိုးလာနေပေမဲ့ ကျောင်းတွေ ပိတ်ခွင့်မရဘူးလို့ ဒေသခံနဲ့ ပညာရေးဝန်ထမ်းတွေက ပြောပါတယ်။
ဇွန် ၂၄ ရက်က သံတွဲမြို့နယ် ငပလီမြို့၊ ဂျိတ္တောရပ်ကွက်က ကျွဲသောက်ကုန်းကျောင်းက ဆရာမတယောက်မှာ ကိုဗစ်-၁၉ ရောဂါ စတင်တွေ့ခဲ့တာပါ။
“အဲဒီဆရာမက နေမကောင်းဖြစ်နေပေမဲ့ ကျောင်းတက်လိုက်သေးတယ်။ ပြီးတော့ အနံ့ပျောက်တော့မှာ ကျောင်းကို အကြောင်းကြားပြီး မလာတာ။ အစကတော့ သူ့မိသားစုတွေကို ဆေးမစစ်ပေးဘူး။ သူ့ကျောင်းက ဆရာ ဆရာမတွေကတော့ အိမ်မပြန်တော့ဘဲ ကျောင်းမှာပဲ ကွာရန်တင်းဝင်နေကြတယ်။ ကိုဗစ်ဖြစ်တဲ့ ဆရာမရဲ့ သမီးက လင်းသာရပ်ကွက်က ကျောင်းမှာ တက်နေတာ။ သူ့ကို စစ်တော့ ကိုဗစ်တွေ့တယ်။ နောက်ထပ်လည်း ဆရာနဲ့ ကျောင်းသား ၄ ယောက်မှာ တွေ့တယ်" လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
သူတို့ကို ငပလီမြို့က ဆေးရုံမှာ ကုသပေးနေတယ်လို့ သိရပြီး အဲဒီကျောင်းတွေ ပိတ်မထားပေမဲ့ ကျောင်းသားတွေကတော့ လာမတက်ကြဘူးလို့ သိရပါတယ်။
“မြို့နယ်ပညာရေးမှူး ပြောတာကတော့ သူ့ကို အထက်က ပိတ်ခွင့်မပေးထားတဲ့အတွက် ကျောင်းတွေ မပိတ်ရဘူးလို့ ပြောတယ်။ ကိုဗစ်လူနာတွေ့ထားရတဲ့ ကျောင်း နှစ်ကျောင်းကတော့ ကျောင်းလာတက်သူမရှိဘူး” လို့ ပညာရေးဝန်ထမ်းတယောက်က ပြောပါတယ်။
သံတွဲမြို့နယ်မှာ ကျောင်းအားလုံးပြန်ဖွင့်ထားပြီး ရာနှုန်းပြည့်နီးပါး ကျောင်းတက်နေကြတာလည်း ဖြစ်ပါတယ်။
ဇွန်၂၇ က သံတွဲမှာ ကိုဗစ်လူနာ ၂၁ ယောက်တွေ့ရပြီး ၂၈ ရက်နေ့ကတော့ သံတွဲတရားရုံးဝန်ထမ်းနဲ့ ဆက်စပ်သူတချို့မှာ ကိုဗစ် စစ်ဆေးတွေ့ ခဲ့ရပါတယ်။
ဒါ့အပြင် တရားရုံးမှာ လက်တွေ့ဆင်းနေတဲ့ မိန်းကလေး ၂ ယောက်နဲ့ ရုံးစာရေးအပါအဝင် ၄ ယောက်မှာ ကိုဗစ်-၁၉ ရောဂါ တွေ့တယ်လို့လည်း ဒေသခံတယောက်က ပြောပါတယ်။