ကချင်ပြည်နယ်မှာ ဇွန်လ နောက်ဆုံးပတ် အခုရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီလမ်းပိုင်းမှာ တောင်ပြိုမြေပြိုမှုတွေ ဆက်တိုက် ဖြစ်ပွားနေပါတယ်။
ကန်ပိုက်တီဒေသခံတစ်ဦးက “မနေ့က ဇွန် ၂၈ ကတည်းက တောင်တွေပြိုပြီး လမ်းတွေပေါ် စပိတ်နေတာ ဆဒုံးနဲ့ ကန်ပိုက်တီကြား တောက်လျှောက်ပဲ။ ခုလည်း မိုးရွာတုန်းဆိုတော့ ဆက်ပြိုနိုင်လောက်တဲ့ နေရာတွေရှိသေးတယ်။ သတိထားသွားစေချင်တယ်” လို့ ပြောပါတယ်။
ဒီကန်ပိုက်တီလမ်းကြောင်းဟာ နှစ်စဉ်မိုးကြီးရင် တောင်ပြိုပြီး လမ်းပိတ်လေ့ရှိပေမဲ့ ဒီနှစ်မှာတော့ အရင်နှစ်တွေက ထက်ပိုစောပြီး တောင်တွေပြို လမ်းပိတ်နေတာလို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ နှစ်ကလည်း ကန်ပိုက်တီမြို့မှာ မိုးသည်းထန်စွာရွာသွန်းလို့ တောင်ကျချောင်းရေကြီးကာ လူသေဆုံးမှုရှိခဲ့ပါတယ်။ တောင်ပြို မြေပြို လမ်းပြိုတာကြောင့် တစ်လကျော်ကြာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခဲ့တာဖြစ်ပြီး ကုန်သွယ်မှုပြတ်တောက်ကာ ကုန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ဖူးပါတယ်။