ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်ကို ပြည်သူတွေ နေအိမ်တွင်း နေထိုင်ရေး အစီအစဉ်မှာ အကျုံးဝင်ကြောင်းကြေညာပြီး မြို့နယ်တွင်းက အခြေခံပညာကျောင်းတွေကို ယာယီပိတ်လိုက်တယ်လို့ ပြည်နယ်ပညာရေးမှူးရုံးခွဲက ဇွန် ၂၇ ရက်ညမှာ ထုတ်ပြန်လိုက်ပါတယ်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများနေတဲ့ လားရှိုး မြို့နယ်တွင်းက အခြေခံပညာ ကျောင်းတွေကို ဇွန် ၂၈ ရက် စလို့ ယာယီပိတ်လိုက်ပြီဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပညာရေးမှူးရုံးတွေက ဝန်ထမ်းတွေအနေနဲ့ ရုံးလုပ်ငန်း ဆောင်ရွက်ဖို့ ဝန်ထမ်း ထက်ဝက် အင်အားနဲ့ နှစ်ပတ်ခြား (တဝက်တက်၊ တဝက်နား) စနစ်နဲ့ တက်ရောက်ဖို့ ညွန်ကြားထားကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
လားရှိုး~ရန်ကုန်၊လားရှိုး~မန္တလေး လေကြောင်းလိုင်းခရီးစဉ်တွေကိုလည်း ဇွန် ၂၈ ရက် ကစပြီး ရက်အကန့်အသတ်မရှိ ယာယီရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ လေကြောင်းလိုင်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ဇွန် ၂၇ ရက်နေ့ လားရှိုးလေဆိပ်ကို ဆင်းတဲ့ လေယာဉ်ပေါ်မှာ အဆင်းခရီးသည်သာ ပါလာပြီး အတက်ခရီးသည်တွေ မပါကြောင်း ခရီးသည် တစ်ဦးထံက သိရပါတယ်။
" ၁ နာရီခွဲ ကွင်းချိန်းဆိုလို့ သွားတာ အတက်လက်မခံတော့ဘူးဆိုလို့ ပြန်လာရတာ" လို့ ခရီးသည်က ဆိုပါတယ်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်နှုန်း မြင့်တက်လာခဲ့တာကြောင့် လားရှိုးမြို့နယ်တွင်း နေထိုင်သူ ပြည်သူတွေအနေနဲ့ Stay at Home အစီအစဉ်မှာ ပါဝင်ကြောင်း စစ်ကောင်စီ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဇွန် ၂၆ ရက်ညပိုင်းက အမိန့်စာ ထုတ်ပြန်ခဲ့ပါတယ်။
လားရှိုးမှာ ဇွန် ၈ ရက် မှ ၂၇ ရက် မနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ ၃၀၀ ကျော်ထိ ရှိလာပြီး ပြန်လည်ကျန်းမာလာပြီဖြစ်လို့ ဆေးရုံဆင်းသွားသူ ၅၆ ဦး၊ Positive လူနာ ၄ ဦး နဲ့ သံသယ လူနာ ၃ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြည်သူတွေအနေနဲ့ ရောဂါပိုးကာကွယ်ရေး ကျန်းမာရေး လမ်းညွှန်ချက်တွေကို လိုက်နာဖို့နဲ့ အရေးမကြီးပါက အိမ်ပြင်မထွက်ဖို့၊ တစ်အိမ် ၁ ယောက်သာ ဈေးထွက်ဝယ်ဖို့၊ အိမ်ပြင်ထွက်လျှင် Mask တပ်ဖို့အပါအဝင် လက်ဆေးဖို့တွေကို ကျန်းမာရေးဌာနတွေက နှိုးဆော်ထားပါတယ်။
လက်တလောမှာတော့ လားရှိုးက မြို့မ ဈေးရုံ၊ ဈေးတန်းတွေ၊ ပျံကျဈေး တချို့နဲ့ ပိုးတွေ့ လူနာတွေရဲ့ နေအိမ်ဝန်းကျင်၊ လမ်း၊ ရပ်ကွက်တွေ၊ ဟိုတယ်၊ တည်းခိုခန်းတွေကို ၂ ပတ်တိတိ Lockdown ချထားပြီ ဖြစ်ပါတယ်။