အသင်းကြီးများ လျှောက်မယ့်လမ်းနှင့် အင်္ဂလန်-ဂျာမနီ ပွဲ ဘာလဲ ဘယ်လဲ

၂၀၂၀ ယူရိုပြိုင်ပွဲဘောလုံးပွဲစဉ်အုပ်စုပွဲတွေပြီးလို့ ရှုံးထွက်ပွဲတွေ စတင်ယှဉ်ပြိုင်ကစားနေ ကြ ပြီဖြစ်တယ်။ 

ဒီအချိန်မှာ ရှုံးထွက်အဆင့်ကို တက်လာတဲ့ နာမည်ကြီးအသင်းကြီးတွေရဲ့ ရှေ့ဆက်မယ့် လမ်းကြောင်းကို တချက်ကြည့်ရအောင်ပါ။

ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲမယ်လို့ ရေပန်းစားနေတဲ့ ပြင်သစ်အသင်း ရှေ့ဆက်မယ့်လမ်းကြောင်းကို စကြည့်ရင် ပြင်သစ်ဟာ ရှုံးထွက်အဆင့်မှာ ဆွစ်ဇာလန်အသင်းနဲ့ ကစားရမှာဖြစ်တယ်။

ရှုံးထွက်အဆင့်ကကျော်ပြီး ကွာတားဖိုင်နယ်မှာ ခရိုအေးရှားနဲ့ စပိန်ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာတော့ ဘယ်လ်ဂျီယံ-ပေါ်တူဂီနဲ့ အီတလီ-သြစတြီးယားတို့က ကွာတားကျော်ဖြတ်လာတဲ့ တစ်သင်းသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် ဖြစ်နိုင်ခြေတွက်ကြည့်ရင် ပြင်သစ်အသင်းဟာ ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံ ပေါ်တူဂီ၊ အီတလီ တစ်သင်းသင်းနဲ့ တွေ့ဖို့များတယ်။

ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ဒုတိယရေပန်းစား အင်္ဂလန်အသင်းကတော့ ရှုံးထွက်အဆင့်မှာတင် နာမည်ကြီး ဂျာမနီအသင်းနဲ့ကစားရဖို့ ရှိနေတယ်။ 

ရှုံးထွက်အဆင့်ကိုကျော်ရင် ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်း ရင်ဆိုင်ရမှာက ဆွီဒင်-ယူကရိန်းပွဲက အနိုင်ရတဲ့အသင်းဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်မှာတော့ အင်္ဂလန်အသင်းဟာ နယ်သာလန်-ချက်၊ ဝေလ်း-ဒိန်းမတ်အသင်းပွဲ တွေက အနိုင်ရလာတဲ့ တစ်သင်းသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ 

ဒါကိုကြည့်ရင် အင်္ဂလန်အသင်းဟာ ရှုံးထွက်အဆင့်မှာ ဂျာမနီအသင်းကို ကျော်ဖြတ်နိုင်ရင် ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်စွမ်းရှိနေတာ မြင်နိုင်ပါတယ်။

ရှုံးထွက်ပွဲမှာ အင်္ဂလန်အသင်းအနေနဲ့ ကွဲပြားခြားနားတဲ့ ဂျာမနီအသင်းကို မြင်တွေ့ရမယ်လို့ ဂျာမနီအသင်းနည်းပြ ယော်ကင်လိုးက သတိပေးပြောထားပါတယ်။ 

ဂျာမနီအသင်းဟာ အုပ်စုကျပ်ထဲ ဖြတ်သန်းတုန်းက ခြေစွမ်း မတည်ငြိမ်ခဲ့တာကြောင့် သူ ဒီ လို ပြောဟန်တူတယ်။

ဂျာမနီက ယူရိုပြိုင်ပွဲလက်ရှိချန်ပီယံ ပေါ်တူဂီကို ၄-၂ နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပေမယ့် အုပ်စုထဲ အားအနည်းဆုံး  ဟန်ဂေရီအသင်းကို နောက်ကလိုက်ကစားပြီး သရေတစ်မှတ်သာရယူ နိုင်ခဲ့ပါတယ်။

နည်းပြယော်ကင်လိုးက ဂျာမနီအသင်းကို ဝါရင့်ကစားသမားသုံးယောက်နဲ့ လူငယ်ခြေတက်တွေကို သဟဇာတဖြစ်အောင် တွဲကစားထားစေတယ်။ ဂျာမနီဝါရင့်ကစားသမားတွေဖြစ်တဲ့ ဟမ်းဘဲက နောက်တန်း၊ တိုနီကရုက အလယ်တန်း၊ သောမတ်စ်မူလာက ရှေ့တန်းအသီးသီးတာဝန်ယူပြီး လူငယ်တွေနဲ့ အပေးအယူမျှမျှ ကစားခဲ့တာ တွေ့ရတယ်။

တဖက်က အင်္ဂလန်အသင်းကိုကြည့်ရင် ကလပ်အသီးသီးမှာခြေစွမ်းပြနေတဲ့ လူငယ်အများစုနဲ့ ဖွဲ့စည်းကစားနေတာဖြစ်တယ်။ 

အဲ့ဒီလူငယ်ကစားသမားတွေကလည်း တစ်ယောက်ချင်းစီမှာ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားကြပေမယ့် သူတို့ကို ဦးဆောင်ကစားမယ့်သူ မရှိဘူးဖြစ်နေတာပါ။

ဆိုလိုတာက ဂျာမနီမှာ ဟမ်းဘဲ၊တိုနီကရုနဲ့ မူလာတို့က အသင်းကို ကောင်းကောင်း ကိုင်တွယ်မောင်းနှင်နိုင်တာ တွေ့မြင်ခဲ့ရပြီး အင်္ဂလန်မှာ အလားတူ ကစားသမား မရှိဘူး ဖြစ်နေပါတယ်။ 

တခါ အင်္ဂလန်အသင်းရဲ့အုပ်စုတွင်းဖြတ်သန်းမှုကိုကြည့်ရင် အင်္ဂလန်ဟာ တစ်ပွဲ တစ်ဂိုး သွင်းပြီး အုပ်စုတက်လာတာဖြစ်သလို ဒီဂိုး ၂ ဂိုးကိုလည်း စတာလင်း တစ်ယောက်ထဲက သွင်းယူ ခဲ့တာ ဖြစ်နေပါတယ်။

ပြိုင်ပွဲမတိုင်မီက ဂိုးသွင်းဘုရင်ဆုရမယ်လို့ ရေပန်းစားခဲ့တဲ့ တိုက်စစ်မှူး ဟာရီကိန်း ဂိုးပေါက်ပျောက်နေပြီး ကလပ်အပြောင်းအရွှေ့အပေါ် အာရုံစိုက်နေတယ်လို့ ဝေဖန်ခံနေရပါတယ်။

 ကလပ်အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ ကွင်းလယ်လူ ဖိုဒန်လည်း ပုံမှန်ခြေစွမ်းမရဘဲ ရုန်းကန် နေရပြီး ပွဲထွက်ကစားသမားစာရင်းမှာတောင် ချန်လှပ်ခံခဲ့ရပါတယ်။

အင်္ဂလန်အသင်းမှာ တစ်ခုစိတ်ချရတာက နောက်တန်းခံစစ်ကြောင်းဖြစ်ပြီး မက်ဂွုင်းယား၊လုရှော၊ဝေါ်ကာနဲ့ဂျွန်စတုန်းတို့ရဲ့ လေးယောက် ခံစစ်တန်းဟာ တင်းတင်းရင်းရင်း ရှိ တာကြောင့် ဂိုးသမား ပက်ဖို့လည်း အကောင်းဆုံး ပုံစံပြနေပါတယ်။

အင်္ဂလန်အသင်းနဲ့ဂျာမနီအသင်းတို့မှာ ကမ္ဘာ့အဆင့်မီဘောလုံးသမားတွေ ကိုယ်စီ ပိုင်ဆိုင်ထားကြပြီး ကစားသမားတွေ ခြေစွမ်းကလည်း မြင့်မားကြပါတယ်။ 

ကစားမှာက အင်္ဂလန်၊ဝင်ဘလေကွင်းမှာဖြစ်လို့ အင်္ဂလန်အသင်းမှာ အားသာချက် ရှိလို့ နေပါတယ်။ 

အင်္ဂလန်နဲ့ ဂျာမနီတို့ ဝင်ဘလေကွင်းမှာ ၁၉၇၅ ခုနှစ်နောက်ပိုင်း ခြေစမ်းပွဲ ၇ ပွဲ ကစားခဲ့ရာမှာ အင်္ဂလန်အသင်း တစ်ပွဲသာ သရေကစားနိုင်ခဲ့ပြီး ၆ပွဲအထိ အရေးနိမ့်ထားခဲ့ဖူး ပါတယ်။

ယနေ့ အင်္ဂလန်အသင်းဟာ ရွေးချယ်စရာခြေစွမ်းမြင့် ဘောလုံးသမား အများအပြားရှိနေပြီး လူမှန်နေရာမှန် နေရာချထားနိုင်ရင် ရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။

 နည်းပြဆောက်ဂိတ်ကိုယ်တိုင်ကလည်း လက်ရှိအင်္ဂလန်ကစားသမားစုဖွဲ့မှုဟာ ၂၀၁၈ ကမ္ဘာ့ဖလားစုဖွဲ့မှုထက် သာလွန်ကောင်းမွန်တယ်လို့ ဆိုထားတာကြောင့် ရှုံးထွက်အဆင့်ကို ကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်မိပါတယ်။

ယူရို ၂၀၂၀ ရှုံးထွက်ပွဲတွေ စတင်ကစားမယ့် စနေနေ့ရောက်တော့ ဗိုလ်စွဲဖို့ ရေပမ်းစားမှု အသင်းတချို့ အပြောင်းအလဲရှိလာပါတယ်။ 

အဲ့ဒီမှာ ပြင်သစ်က ဗိုလ်စွဲဖို့ရေပမ်းစားမှုမှာထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နေပြီး ဒုတိယ ရေပမ်းစားမှုမှာ အီတလီက အင်္ဂလန်ကို ကျော်ပြီး ဒုတိယနေရာရောက်တယ်။

အင်္ဂလန်က ဗိုလ်စွဲဖို့ ရေပမ်းစားမှုမှာ တတိယနေရာ ရောက်သွားပြီး သူ့နောက်မှာ ဂျာမနီ၊စပိန်၊ဘယ်လ်ဂျီယမ်၊နယ်သာလန်နဲ့ပေါ်တူဂီတို့ အသီးသီးရပ်တည်နေကြပါတယ်။

ဒါပေမဲ့ စနေညမှာ ကစားခဲ့တဲ့ အီတလီ-သြစတြီးယားပွဲမှာ အချိန်ပိုရောက်မှ အီတလီအသင်း ဂိုးသွင်းနိုင်ပြီး ၂-၁ နဲ့အနိုင်ရခဲ့တာပါ။ 

ပြောရလျင် အီတလီအသင်းအတွက် ခြေစွမ်း ကောင်း၊ မကောင်းဆိုတာကို ရှုံးထွက် အဆင့်ရောက်မှ အစမ်းသပ်ခံခဲ့ရတယ်လို့ ဆိုနိုင်ပါတယ်။ 

ခြုံပီးသုံးသပ်ကြည့်လျင် အင်္ဂါည မြန်မာစံတော်ချိန် ၁၀ နာရီခွဲမှာကစားမယ့်  အင်္ဂလန်-ဂျာမနီပွဲမှာ အနိုင်ရတဲ့အသင်းဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ပါလိမ့်မယ်။

လေးလေး

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up