Home
မြန်မာသတင်း
ရွှေအိုးရရွာကို စစ်တပ်က နှစ်ရက်ဆက်တိုက် စီးနင်း၊ ပစ္စည်းယူ ‌ဖျက်ဆီးမှုများလုပ်
DVB
·
June 25, 2021

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ရွှေအိုးရကျေးရွာကို ဇွန် ၂၄ ရက်ညနေ ၆ နာရီလောက်မှာ စစ်ကားသုံးစီးနဲ့ အရပ်ဝတ်လက်နက်ကိုင်‌တွေဟာ သေနတ်တွေနဲ့ ပစ်ခတ်ဝင်ရောက်တာကြောင့် ရွာသူ၊ ရွာသားတွေ ထွက်ပြေးကြစဉ် နေအိမ်တွေက ရွှေငွေ၊ ဆိုင်ကယ်အပါအဝင် အင်္ကျီ လုံချည်ကစပြီး ယူသွားကြတယ်လို့ ရွာသားတစ်ဦးက ပြောပါတယ်။

‘ဒီတခါအရပ်ဝတ်တွေ လက်နက်ကိုင်ပြီး လာကြတာ။ ဝင်လာကတည်းက ပစ်တော့တာပဲ။ ညနေ ၆ နာရီလောက်ကနေ ည ၁၁ နာရီအထိ ၅ နာရီလောက်ကြာတယ်။ သေနတ်တွေပစ်ဖောက်၊ အိမ်တွေ ဖျက်ဆီးဝင်ပြီး အင်္ကျီ လုံချည်ကအစ ယူတာ။ လာတုန်းက စစ်ကားပေါ်က လိုက်လာကြပြီး အပြန်ကြဆိုင်ကယ် အစီးနှစ်ဆယ်ကျော်လောက်ကို စီးပြီးပြန်သွားကြတာ။ နေအိမ် ရာဂဏန်းလောက်က ပစ္စည်းတွေ သယ်ယူသွားကြတာ။ အဲဒီစစ်ကားသုံးစီးကို တအိအိနဲ့မောင်းပြီးပြန်သွား ရလောက်အောင် ပစ္စည်းတွေ သယ်သွားကြတာဗျ။ ဓားပြတိုက်တာပါပဲဗျာ” လို့ ရွာသားတစ်ဦးက ပြော ပါတယ်။

အကြမ်းဖက်စစ်တပ်ဝင်လာလို့ ထွက်ပြေးကြစဉ်မှာ ရွာသားတစ်ဦး မြွေပွေးကိုက်ခံရလို့ လူမှုကူညီရေးကား အကူအညီတောင်းထားပေမဲ့ အဝင်အထွက်လမ်းတွေ စစ်ကောင်စီက ပိတ်ဆို့ ထားလို့ လတ်တလော အရပ်ဆရာနဲ့ကုသပေးနေရပြီး အနည်းအကျည်းသက်သာတယ်လို့ သိရပါတယ်။

အိမ်ခြေ ၂၅၀ ခန့်ရှိတဲ့ ရွှေအိုးရရွာသားတွေဟာ အခုအချိန်အထိ ရွာထဲကို မဝင်ရဲသေးဘဲ တိမ်းရှောင်နေရဆဲဖြစ်လို့ ပျက်စီးဆုံးရှုံးမှုစာရင်း ပြုစုနိုင်ခြင်း မရှိသေးပေမဲ့ အိမ်ခြေ ၃၀ ခန့်လောက်ကလွဲပြီး တစ်ရွာလုံး ဖျက်ဆီး ဝင်ရောက် မွှေနှောက်ကာ ပစ္စည်းတွေ ယူသွားကြတာလို့ သိရပြီး ထိခိုက်ဒဏ်ရာရသူတော့ မကြားရသေးဘူးလို့ ပြောပါတယ်။

ဇွန် ၂၃ ရက်ကလည်း နေအိမ် ၁၅ လုံးအတွင်း ဖျက်ဆီးဝင်ရောက်ကာ ဆိုင်ကယ် ၁၅ စီး ဒီဇယ်ပေပါ ၁၄ လုံး အပါအဝင် ရွှေ ငွေ နဲ့ အတွင်းပစ္စည်တွေ ယူသွားခဲ့ပြီး စစ်တပ်က ပစ်ခတ်လို့ ရွာသားတစ်ဦးအပြင်းထန် ဒဏ်ရာရကာ မန္တလေးကို ပို့ဆောင်ကုသပေးနေရတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024