မြန်မာနိုင်ငံမြောက်ပိုင်းက တရုတ်နိုင်ငံသားများ ဇူလိုင် ၃၁ ရက်နောက်ဆုံးထား မှတ်ပုံတင်ရမည်

တယ်လီဆက်သွယ်ရေး လိမ်လည်မှုလိုမျိုး နယ်စပ်ဖြတ်ကျော်မှုခင်းတွေကို နှိမ်နင်းဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းက တရုတ်လူမျိုးတွေ ဇူလိုင်လကုန် နောက်ဆုံးထားပြီး သတ်မှတ်နေရာတွေမှာ မှတ်ပုံတင်ကြဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရဲတပ်ဖွဲ့က ဇွန် ၂၁ ရက်က အကြောင်းကြားစာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံက ထုတ်ပေးထားတဲ့ ဝင်/ထွက်ခွင့် အထောက်အထားတွေနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ နေထိုင်ကြတဲ့ တရုတ်နိုင်ငံသားတွေဟာ ဇူလိုင် ၃၁ ရက်အထိ သူတို့ရဲ့ အထောက်အထားတွေကို မှတ်ပုံတင်ဖို့ လိုအပ်တယ်လို့ ဒဲယ်ဟုန် အပါအ၀င် ယူနန်ပြည်နယ်ရဲ့ မြို့ ၅ မြို့နဲ့ စီရင်စုတွေမှာ ရဲတပ်ဖွဲ့ကနေ ထုတ်ပြန်သတိပေးချက်တွေအရ သိရပါတယ်။
ဒဲယ်ဟုန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရဲ့ တရုတ် - မြန်မာ ကုန်းတွင်းနယ်စပ်ဂိတ်ဖြစ်တဲ့ ရွှေလီမှာ တရားမ၀င်ဖြတ်ကျော်မှုတွေကြောင့် ကိုဗစ်-၁၉ ဖြစ်ပွားမှု ၂ ခု တွေ့ရှိခဲ့ရပါတယ်။
ရဲတွေက တရားမဝင် နယ်စပ်ဖြတ်ကျော်သူတွေနဲ့ တရုတ်အစိုးရ သို့မဟုတ် တရုတ်နိုင်ငံသားတွေအပေါ် ဆက်သွယ်ရေးနဲ့ အင်တာနက်လိမ်လည်မှု၊ လောင်းကစားနဲ့ ငွေကြေးခဝါချခြင်း စတဲ့ နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေကို ကျူးလွန်ထားသူတွေကို တရုတ်နိုင်ငံကို အမြန်ဆုံးပြန်ပြီး ပြစ်မှုတွေကို ဝန်ခံကြဖို့ တိုက်တွန်းထားပါတယ်။
တရုတ်နိုင်ငံ နေရာအတော်များများမှာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသရှိ တရုတ်နိုင်ငံသားများက ကျူးလွန်ထားတဲ့ ဆက်သွယ်ရေးလိမ်လည်မှုကို တိုက်ဖျက်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေတာပါ။
တရုတ်ပြည်အရှေ့ပိုင်းက ကျဲ့ကျန်းပြည်နယ်က လိရွှီမြို့နဲ့ ယွဲ့ချင်းမြို့တို့မှာ မြန်မာနိုင်ငံမြောက်ပိုင်းမှ တရုတ်လူမျိုးတွေကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လာကြဖို့ မေလ ၂၆ ရက်နဲ့ ဇွန်လ ၁၂ ရက်တို့မှာ သတိပေးချက်တွေ အသီးသီးထုတ်ပြန်ထားပါတယ်။
၂၀၂၀ ပြည့်နှစ်အစကတည်းက နိုင်ငံတလွှားက ရဲတွေဟာ အရှေ့တောင်အာရှနိုင်ငံတွေကနေ လိမ်လည်မှု သံသယရှိသူပေါင်း ၂၆၂၀ ယောက်ကို နေရင်းနိုင်ငံတွေဆီ ပြန်လွှတ်ပေးခဲ့ပါတယ်။
၂၀၂၀ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ ဆက်သွယ်ရေးနဲ့ အင်တာနက်လိမ်လည်မှုတွေမှာ ဆုံးရှုံးရတဲ့ပိုင်ဆိုင်မှုတွေဟာ တရုတ်ငွေကြေး ယွမ် ၃၅.၄ ဘီလီယံ (ဒေါ်လာ ၅.၄၆ ဘီလီယံ) ရှိတယ်လို့ တရားရုံးချုပ်ရဲ့ တတိယ ရာဇ၀တ်မှုတရားရုံး ဒုတိယဥက္ကဋ္ဌ Li Ruiyi က ဇွန် ၂၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။