မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ပြည်သူ ကျဆုံး အယောက် ၈၈၀ နဲ့ မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ အယောက် ၄၀ ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဇွန် ၂၄ ရက်အထိ အေအေပီပီက ကောက်ယူ မှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၆၂၉၆ ယောက် ဖမ်းဆီးခံခဲ့ရကာ ၅၁၀၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၁၇ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအ တွက်ကတော့ ၁၉၆၅ ယောက်ရှိနေပြီး သူတို့ထဲက အယောက် ၄၀ ကတော့ မျက်ကွယ် သေဒဏ်ချမှတ်ခံထားရကာ ၁၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်စီ၊ ၃၉ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ်နှစ် ၂၀ စီ၊ ၂၄ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ်စီ၊ ၁ ယောက်ကတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အသီးသီး မျက်ကွယ်ထောင်ဒဏ် ချမှတ်ခံထားရလို့ တိမ်းရှောင်နေသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဇွန်လ ၂၃ ရက်နေ့ ညအချိန်က ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့က အရပ်သား တယောက်ဖြစ်တဲ့ ကိုအောင်မင်းသူဟာ လက်ဖက်ရည်သောက်ပြီးလို့ ဆိုင်ကယ်မောင်းပြီး ပြန်လာချိန် အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ဦးခေါင်းကို ကျည်ထိမှန်ကာ ကျဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ၂၂ ရက်နေ့ ညနေအချိန်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ဆလိုင်းငွန်နေပြန်(Salai Ngun Nei Piang) ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာပဲ ဇွန် ၂၄ ရက်မနက်ပိုင်းက ကျောင်းသား ၃ ယောက်ဖြစ်ကြတဲ့ အသက် ၁၇ နှစ်အရွယ် Thang Biek Lien၊ အသက် ၁၆ နှစ်အရွယ် Mang Kim Khuol၊ အသက် ၁၄ နှစ်အရွယ် Thang Gin Hang တို့နဲ့ သူတို့ရဲ့ ဦးလေးဖြစ်သူ Suon Lam Khai တို့ကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရပါတယ်။
မုံရွာမြို့မှာတော့ ဇွန် ၂၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုက အငြိမ်းစားကျောင်းဆရာကြီး ဦးတင်မြင့်စိုး အပါအဝင် မိသားစုဝင် ၆ ယောက်နဲ့ ဆွေမျိုး ၃ ယောက်တို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)ကို ထောက်ပံ့တယ်လို့ စွပ်စွဲကာ ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။ နောက်တနေ့မှာတော့ ဖမ်းဆီးခြင်းခံထားရသူတွေထဲက ကျောင်းဆရာကြီး ဦးတင်မြင့်စိုးရဲ့ မိသားစုဝင် ၁ ယောက်ဖြစ်တဲ့ ၄ နှစ်အရွယ် ကလေးကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
အေအေပီပီအနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင်နေတာ ဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရသူတွေ စာရင်းကို နေ့စဉ်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေ စတဲ့ နယ်ပယ်သီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက အေအေပီပီ အီးမေးလ်၊ ဖေ့စ်ဘွတ်ခ်နဲ့ တွစ်တာတို့ကတဆင့် ဆက်သွယ်အသိပေး အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။