စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လ ၂၃ ရက် မနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါနဲ့ လူနာ ၁ ဦး သေဆုံးသွားပါတယ်။
“ဒီနေ့မနက်ပိုင်းမှာ တစ်ဦးသေဆုံးတယ်။ ကျနော်တို့ Swab စင်တာကပါ။ ဒီနေ့လည်း ကိုဗစ်ပိုးလာစစ်သူ ၆၆ ယောက်ရှိတယ်။ ကျနော်တို့ Swab စင်တာမှာ RDT Test kits နဲ့ စစ်ဆေးတယ်။ လာစစ်ဆေး သူ ၆၆ ယောက်ရှိတဲ့အထဲမှာ ပိုးတွေ့တာ ၃၃ ယောက်ရှိတယ်”လို့ စင်တာမှာ ပရဟိတကူညီပေးနေသူ တစ်ဦးကပြောပါတယ်။
ကလေးမြို့မှာ ဇွန်လ ၂၃ ရက်အထိ ကိုဗစ်-၁၉ ရောဂါနဲ့ ဆေးရုံတက်နေရသူ ၇၀၄ ယောက်ရှိပြီး ရောဂါသက်သာလို့ ဆေးရုံဆင်းခွင့်ရသူ ၃၂၁ ယောက်ရှိကာ သေဆုံးသူ ၂၉ ယောက်ရှိတယ်လို့ ကလေးမြို့ပြည်သူ့ဆေးရုံစာရင်းအရ သိရပါတယ်။
ကလေးမြို့မှာ ကိုဗစ်-၁၉ ကူးစက်နှုန်းမြင့်တက်နေပြီး တစ်နေ့ တစ်ယောက်လောက် သေဆုံးနေပေမဲ့ ကလေးမြို့မှာ ဆရာဝန် လုံလောက်မှုမရှိလို့ ကုသနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။