မန္တလေး သပိတ်ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုတေဇာဆန်းရဲ့ ရွာကို ဒီနေ့မနက် ၉ နာရီလောက်မှာ စစ်ကောင်စီလက်နက်ကိုင်တွေက အင်အားအလုံးအရင်းနဲ့ ဝင်ရောက်ဖျက်ဆီးပြီး ပစ်ခတ်တာကြောင့် ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီလက်နက်ကိုင်တွေက ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်ထဲက ရွှေအိုးရရွာမှာရှိတဲ့ ကိုတေဇာဆန်းရဲ့ နေအိမ်ကိုလည်း ရိုက်ခွဲဖျက်ဆီးခဲ့ပြီး မိသားစုဝင်တွေလည်း တိမ်းရှောင်နေရတယ်လို့ ကိုတေဇာဆန်းက ပြောပါတယ်။
စစ်ကောင်စီတပ်တွေ လာတာကြောင့် ရွာသားတွေက ထွက်ပြေးကြတာကို စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရရှိထားသလို အနည်းဆုံး ၅ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ရွှေအိုးရရွာဟာ ရွာငယ်လေးဖြစ်ပြီး ဆန္ဒပြပွဲတွေလည်း မရှိတဲ့ အေးချမ်းချမ်းနေတဲ့ ရွာလေးဖြစ်တယ်လို့ဆိုပါတယ်။
စစ်ကောင်စီဘက်က အခုလို ဝင်ရောက် အကြမ်းဖက်တာဟာ သူ့ကိုဖမ်းချင်လို့ လာတာဖြစ်နိုင်ပေမယ့် အကြောင်းအရင်းအတိအကျကိုတော့ မပြောနိုင်သေးဘူးလို့ ကိုတေဇာဆန်းကပြောပါတယ်။