အကြမ်းဖက် စစ်ကောင်စီတပ်တွေနဲ့ နယ်မြေခံပြည်သူ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ မင်းတပ် စစ်ရှောင်ပြည်သူတွေအတွက် စေတနာလုပ်အားပေး ကျန်းမာရေးဝန်ထမ်းတွေ လိုအပ်နေပါတယ်။
ကျန်းမာရေးဘက်ဆိုင်ရာ ဆရာဝန်၊သူနာပြုနဲ့ သားဖွား ဆရာ၊ ဆရာမတွေ မရှိတာကြောင့် စစ်ဘေးရှောင်ကိုယ်ဝန်ဆောင်မိခင်တွေဟာ စစ်ဘေးရှောင်စခန်းတွေ၊ ကျေးရွာတွေမှာ အခက်အခဲတွေ များစွာဖြစ်နေတယ်လို့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့်ခွဲရေးကော်မတီက ထုတ်ပြန်ထားတာပါ။
မီးဖွားဖို့ အခက်အခဲကြောင့် ပြီးခဲ့တဲ့ မေလကုန်ရက်ပိုင်းဝန်းကျင်လောက်က ကိုယ်ဝန်ဆောင် မိခင်တယောက် အသက်ဆုံးရှုံးခဲ့ရပြီး အအေးမိ ဖျားနာတာတွေ၊ အစာအိမ် ပေါက်တာတွေကြောင့်လည်း ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အသက်မသေသင့်ဘဲ သေဆုံးခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် လတ်တလောကာလမှာလည်း ရာသီဥတု ဆိုးရွားလွန်းတာကြောင့် စစ် ဘေးရှောင် ပြည်သူအများစုဟာ အအေးမိဖျားနာတာ၊ ဝမ်းလျှော၊ဝမ်းပျက်နဲ့ ဝမ်းကိုက်ရောဂါတွေကို ခံစားနေကြရပြီး စစ်ဘေးရှောင်တွေကို လက်ခံထားတဲ့ ကျေးရွာအများစုမှာလည်း ကျန်မာရေးစောင့်ရှောက်မှုနဲ့ ကင်းဝေးနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ ကျန်းမာရေးဘက်ဆိုင်ရာ ဒေသခံ သူနာပြုနဲ့ သားဖွား ဆရာ၊ ဆရာမ တွေအနေနဲ့ စစ်ဘေးရှောင်တွေ ကြုံတွေ့နေရတဲ့ ကျန်းမာရေး အခက်အခဲတွေကို ကူညီ လုပ်အားပေး တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။
လုပ်အားပေး ပါဝင်လိုသူတွေအနေနဲ့ မင်းတပ်မြို့နယ် စစ်ဘေးရှောင်စခန်း စီမံခန့် ခွဲရေးကော်မတီ-Mindat Township IDPs Camp Management Committee ရဲ့ ဖေ့စ် ဘွတ်ခ်စာမျက်နှာကဆက်သွယ်နိုင်ပြီး Ko Laurence - 09442002936 နဲ့ Ko Silver Naing – 09454104365 ဖုန်နံပါတ်တွေဆီလည်း ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ရာသီဥတုဆိုးရွားတာ၊ ဘာသာစကား အခက်အခဲတွေနဲ့ တ ခြားသော အခက်အခဲတွေကြောင့် ဒေသခံနဲ့ မင်းတပ်မြို့နယ် အနီးအနားက သူနာပြုနဲ့ သားဖွား စေတနာ့ဝန်ထမ်းတွေကို အဓိကထားဆက်သွယ်စေချင်ကြောင်းလည်း ဖိတ်ခေါ်ထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်မှာ ဒေသခံ လူပေါင်း ၁၈,၀၀၀ လောက်ဟာ နေရပ်စွန့် ခွာထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (UNOCHA)က ထုတ်ပြန်ထားပါတယ်။
စစ်ဘေးရှောင်ဒေသခံတွေဟာ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ဟားခါး၊ မတူပီ၊ ထန်တလန်မြို့တွေနဲ့ မကွေးတိုင်း ဆောမြို့က ယာယီစခန်း ၇၄ ခုမှာ နေထိုင်နေ ကြရကြောင်းနဲ့ သူတို့ဟာ ချင်းပြည်နယ်မှာ မေ ၁၂ ရက်ကတည်းကနဲ့ မကွေးတိုင်းမှာ ဇွန် ၆ ရက်နေ့ကတည်းက နေရပ်ရွှေ့ပြောင်းနေထိုင်ခဲ့ကြရတာလို့ ဆို ပါတယ်။
ဒါ့အပြင် အကြမ်းဖက်မှုတွေကြောင့် မေ ၁၂ ရက်ကတည်းက လူထောင်ပေါင်းများစွာလည်း တောတောင်တွေထဲကို ထွက်ပြေးသွားကြပြီ ဖြစ်တယ်လို့ ဆိုပါတယ်။