ကရင်ပြည်နယ်၊ ဖာပွန်ခရိုင် (မူတြော်ခရိုင်) ကမမောင်း-ဖာပွန် ဝါးဘိုးတော် ကားလမ်းကို ပိတ်ထားပါက အခြေခံလူတန်းစားတွေအတွက် အခက်အခဲတွေအများကြီး ရင်ဆိုင်ရမယ်လို့ ဖာပွန်မြို့ခံတွေက ပြောပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကမမောင်း-ဖာပွန်သွား ကားလမ်းမကြီးကို ၁၀ ရက်ဖွင့်ပေးသွားမှာဖြစ်ပြီး သတ်မှတ်ရက်နောက်ပိုင်း သွားလာတာခွင့်ပြုမှာမဟုတ်သလို သွားလာခဲ့ပါက ဖြစ်လာတဲ့ ဆိုးကျိုးတွေကို တာဝန်မယူဘူးလို့ ကေအန်ယူ လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထုတ်ပြန်ထားတဲ့အပေါ် အခုလို ပြောဆိုလိုက်တာပါ။
"လမ်းပိတ်တိုင်း အဓိက ထိခိုက်နစ်နာတာက အခြေခံ လူတန်းစားတွေပဲ။ လမ်းပိတ်တာနဲ့ စားသောက်ကုန်စျေးက တက်တာပဲ။ ပိုက်ဆံရှိတဲ့သူက ဆန် ၁ အိတ် ၁ သိန်းဆိုလည်း ဝယ်စားနိုင်တယ်။ နောက်ဆုံးတော့ အခြေခံလူတန်းစားတွေပဲ အခက်အခဲတွေ ခါးစည်း ရင်ဆိုင်ရတယ်" လို့ မြို့ခံပြည်သူ တစ်ဦးက ပြောပါတယ်။
အဆိုပါ အသိပေးထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တရားဝင်စာနဲ့အသိပေး အကြောင်းကြားတာ မရှိသေးတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်မှုမရှိဖို့ ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဆက်လက်ပြီး တပ်မဟာ ၅၊ ကေအန်ယူ ဆက်ဆံရေးရုံးတာဝန်ခံ ဒုတိယဗိုလ်မှူးကြီး စောအယ်ဒိုထူးကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။
ကမမောင်း - ဖာပွန်သွား ကားလမ်းပေါ် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တို့ နေ့စဥ် တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် KNLA ဘက်က အခုရက်ပိုင်းအတွင်း ၁ ရက်ခြားသွားလာခွင့် ခွင့်ပြုထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ စားသောက်ရေးအတွက် မိမိတို့ပိုင် ဥယျာဥ်ခြံလုပ်ငန်းလုပ်ကိုင်ရာမှာ နှစ်ဖက်တိုက်ပွဲတွေပြင် မြေမြုပ်မိုင်းအန္တရာယ်ကိုပါ စိုးရိမ်နေရသလို ဒေသခံ ၂ သောင်းနီးပါးဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။