မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ စီးပွားရေးလုပ်ငန်း ၃ ခုနဲ့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းအပါအဝင် လူပုဂ္ဂိုလ် ၈ ယောက်တို့ကို ထပ်မံ ပိတ်ဆို့ ဒဏ်ခတ်အရေးယူလိုက်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)က ဇွန်လ ၂၁ ရက်မှာ ကြေညာပါတယ်။
ဒီမိုကရေစီရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေး ဖောက်ဖျက်ကျူးလွန်ရာမှာ တာဝန်ရှိတဲ့ ဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေနဲ့ ရှေ့နေချုပ်တို့ ပိတ်ဆို့ဒဏ်ခတ် အရေးယူလိုက်တာလို့ ဆိုပါတယ်။
ဒဏ်ခတ် အရေးယူခံရသူ ၈ ဦးကတော့ စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ စီမံကိန်းနှင့် အဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးခင်မောင်ရီ၊ စစ်ကောင်စီအဖွဲ့ဝင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်း၊ ရှေ့နေချုပ် ဒေါ်သီတာဦး၊ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်လင်းထွန်းနဲ့ စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းတို့ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်းနဲ့ သစ်တောထွက်ပစ္စည်းဖက်စပ်ကော်ပိုရေးရှင်းတို့လည်း ပါဝင်ပြီး ခုလို ကျောက်မျက်နဲ့ သစ်လုပ်ငန်းကို ပစ်မှတ်ထားပိတ်ဆို့ဒဏ်ခတ်ခြင်းအားဖြင့် မြန်မာသဘာဝသယံဇာတတွေကနေ စစ်တပ်က အကျိုးအမြတ်ရနေတာကို ကန့်သတ်ဖို့နဲ့ မြန်မာလူထုကို မထိခိုက်စေဖို့ ဖြစ်တယ်လို့ အီးယူ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အီးယူက မြန်မာနိုင်ငံအပေါ် လက်နက်ပိတ်ဆို့ဒဏ်ခတ်မှုတွေလည်းချမှတ်ထားသလို စီးပွားရေးပိတ်ဆို့ဒဏ်ခတ်အရေးယူထားတာ အခုတကြိမ်နဲ့ဆိုရင် လူပုဂ္ဂိုလ် ၄၃ ဦးနဲ့ လုပ်ငန်း ၆ ခုရှိသွားပြီ ဖြစ်ပါတယ်။
အီးယူအနေနဲ့ မြန်မာပြည်သူတွေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အားပေးထောက်ခံကြောင်းနဲ့ မြန်မာပြည်တွင်း နေရပ်စွန့်ခွာသူတွေနဲ့ ပဋိပက္ခဒေသက အကူအညီ လိုနေသူများအတွက် လူသားချင်းစာနာမှုအကူအညီအဖြစ် ၂၀၂၁ ခုနှစ်မှာ ယူရိုငွေ ၂၀ ဒသမ ၅ သန်း ပေးဖို့ ချထားပေးတယ်လို့ သိရပါတယ်။
အလားတူ ယူကေနိုင်ငံကလည်း နိုင်ငံတော်စီမံအုပ်ချုပ်မှုကောင်စီ၊ မြန်မာ့သစ်လုပ်ငန်းနဲ့ မြန်မာ့ ပုလဲလုပ်ငန်းတို့ကို ပိတ်ဆို့ဒဏ်ခတ်မှု အသစ်တွေချမှတ် လိုက်တယ်လို့ ဇွန်လ ၂၁ ရက်မှာ ကြေညာလိုက်ပါတယ်။
"စစ်တပ်ဟာ ဒီမိုကရေစီကို ဖြိုဖျက်ခြင်းနဲ့ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်တာတွေကို ဆက်လက်ပြုလုပ်နေတယ်။ ဒီမိုကရေစီကို ပြန်မရမချင်း စစ်အစိုးရကို သူတို့ရဲ့လုပ်ရပ်အတွက် တာဝန်ယူခိုင်းမှာဖြစ်ပြီး တာဝန်ရှိသူတွေကို အရေးယူဒဏ်ခတ်မှုတွေလည်း ဆောင်ရွက်သွားမှာဖြစ်တယ်"လို့ ယူကေနိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ချက်မှာ ပြောကြားထားပါတယ်။
Photo-MWVO