မန္တလေးမြို့မှာ ပစ်ခတ်မှုဖြစ်တဲ့ နေရာအနီးပတ်ဝန်းကျင် သွားလာသူတွေကို စစ်ကောင်စီတပ်က စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေတယ်လို့ မျက်မြင်တွေ့သူတွေက ပြောကြပါတယ်။
ချမ်းမြသာစည်မြို့နယ် ၅၄ လမ်း၊ ၁၁၁ လမ်း နဲ့ ၁၁၂ လမ်းဘက်မှာ ဇွန် ၂၂ ရက် မနက် ၈ နာရီလောက်ကစပြီး ပစ်ခတ်မှုတွေဖြစ်နေတာပါ။
“မနောက်ဟရီလမ်း (လမ်း ၁၁၀) ပေါ် ဆိုင်ကယ်နဲ့ သွားလာသူတွေကို ဖမ်းဆီး စစ်ဆေးတာတွေ လုပ်နေတယ်။ ပစ်ခတ်တာတွေတော့ ငြိမ်သွားပြီ” လို့ မျက်မြင်တဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်တဲ့ အနီးပတ်ဝန်းကျင်က ရပ်ကွက်တွေဖြစ်တဲ့ ထွန်တုံး၊ မြရည်နန္ဒာ၊ အောင်ပင်လယ်၊ အောင်သာယာ စတဲ့ ရပ်ကွက်တွေမှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ပတ်နေကြပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေဟာ ပစ်ခတ်မှုဖြစ်တဲ့နေရာကို သံချပ်ကာ ကားတွေ လွှတ်တာရှိနေတယ်လို့လည်း သိရပါတယ်။