မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ပစ်သတ်ခံရတဲ့ လူငယ် ၂ ဦးရဲ့ ဈာပနကို ဒီကနေ့ ဇွန်လ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာ သုသာန်မှာ ကျင်းပခဲ့ပါတယ်။
အဲဒီလူငယ် ၂ ဦးဟာ ချောင်းဆုံကနေ မော်လမြိုင်ကို ဧည့်လာပို့စဉ် ကျောက်မီးသွေးရုံ မီးပွိုင့်အရောက်မှာ ဆိုင်ကယ် မရပ်ပေးလို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်သတ်ခဲ့တာပါ။
ပစ်သတ်ခံရတဲ့ လူငယ် ၂ ဦးဟာ ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာနေသူ ကိုမိုးဇော်ဦးနဲ့ ကိုဇော်မင်းဦးတို့ ဖြစ်ပါတယ်။
မော်လမြိုင်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရပ်ကွက် နေရာ အချို့မှာ ညပိုင်း ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး စစ်ဆေးမခံတဲ့သူတွေကို ပစ်သတ်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။