မြန်မာ–တရုတ်နယ်စပ် ဝမ်တိန်ဂိတ် ပိတ်မည်

မြန်မာ—တရုတ် နှစ်နိုင်ငံကုန်သွယ်ရာ ကြူကုတ်- ပန်ဆိုင်းရှိ ဝမ်တိန်ဂိတ်ကို ဇွန် ၂၂ ရက်မှစပြီး နှစ်နိုင်ငံ အဝင်၊ အထွက် ပိတ်သွားမယ်လို့ တရုတ်နိုင်ငံဘက်က ထုတ်ပြန်ထားပါတယ်။
ဝမ်တိန်ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးဌာနက လိုအပ်ချက်အရ မူဆယ်မြို့နယ် ကြူကုတ်—ပန်ဆိုင်းက မြန်မာ –တရုတ်နှစ်နိုင်ငံနယ်စပ် အဝင်၊ အထွက်ဂိတ်ကို ဇွန် ၅ ရက်ကစတင်ကာ ပုံစံပြောင်းလဲ သတ်မှတ်ခဲ့ပါတယ်။
ပုံစံ ပြောင်းလဲ သတ်မှတ်ပြီးနောက် ဝမ်တိန်ဂိတ်မှ တရုတ်နံပါတ်တပ် ကားတွေကိုသာ တရုတ်နိုင်ငံထဲ ဝင်ရောက်ခွင့်ပြုပြီး ပြန်လည်ထွက်ခွာခွင့်ရပ်ဆိုင်းကာ ဇွန် ၂၂ ကစပြီး မြန်မာနိုင်ငံဘက်မှ တရုတ်နိုင်ငံထဲ ဝင်မယ့် တရုတ်ကားတွေကိုပါ ဝင်ခွင့်ပိတ်မှာ ဖြစ်ပါတယ်။
ခြွင်းချက်အနေနဲ့ ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် ဟင်းသီးဟင်းရွက် ပို့ဆောင်မယ့် ကားတွေကို အရေအတွက် ကန့်သတ်ပြီး ဝင်၊ ထွက် ခွင့်ပြုထားပါတယ်။
နှစ်နိုင်ငံ ပို့ကုန်ကုန်ကားတွေ အားလုံးကို နှစ်နိုင်ငံ ဝင်၊ ထွက် ဂိတ် ဖြစ်တဲ့ ကျင်စန်းကျော့မှသာ ဝင်ရောက်၊ ထွက်ခွာခွင့် ပြုတော့မယ်လို့ ဆိုပါတယ်။
ခုလို ကျင်စန်းကျော့ တဂိတ်တည်းကိုသာ ပစ္စည်းတွေ မှာယူတင်ပို့နေရတာကြောင့် ခက်ခဲကြန့်ကြာပြီး ကုန်တင်ခပါ နှစ်ဆ တိုးသွားတယ်လို့ ရွှေလီမှာ နေထိုင်တဲ့ မြန်မာကုန်သည်တစ်ဦးက ပြောပါတယ်။
တရုတ်ဘက်မှ ကိုဗစ်စည်းကမ်း သတ်မှတ်ချက်တွေကြောင့် ကျင်စန်းကျော့ဂိတ်ကို တင်းတင်းကျပ်ကျပ် စစ်ဆေးနေလို့ ကားတွေ ဝင်၊ထွက် ကြန့်ကြာကာ မြန်မာ့သရက်သီး အပါအဝင် ဖရဲ၊ သခွားသီးတွေ တင်ပို့ဖို့ ခက်ခဲသွားသလို မြန်မာဘက်ဆီ ပြန်လှည့်လာကာ စွန့်ပစ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။ မန့်ဝိန်းကြီးနဲ့ နမ့်ခမ်းမြို့နယ်ရှိ ကြံဧက တစ်သောင်းကျော်ကထွက်တဲ့ ကြံတွေလည်း စွန့်ပစ်ခဲ့ရတာတွေ ရှိခဲ့ပါတယ်။
မြန်မာ - တရုတ် နယ်စပ်ဂိတ်အချို့ ပိတ်လိုက်တာကြောင့် တရုတ်ကို အားထားပြီး ကုန်တင်ပို့နေရတဲ့ မြန်မာကုန်သည်တွေ အခုနှစ်မှာ ဆုံးရှုံးမှု ပိုများနေပြီး မြန်မာဘက်က စီမံခန့်ခွဲမှု အားနည်းတာတွေကြောင့် အခုလို ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေရတာလို့ ကုန်သည်တွေက ပြောပါတယ်။
ကိုဗစ် - ၁၉ ရောဂါအကြောင်းပြကာ မြန်မာ–တရုတ် နှစ်နိုင်ငံ လူဝင်၊ ထွက်ဂိတ်ဖြစ်တဲ့ မူဆယ်မြို့နန်းတော်ပေါက်နဲ့ ဆင်ဖြူပေါက်ကိုလည်း နှစ်နိုင်ငံ ထောင်လွှဲမှအပ ၂၀၂၀ ကတည်းက ပိတ်ထားပါတယ်။