မြောင်းမြမြို့မှာ ကိုဗစ်-၁၉ ကူးစက်နှုန်း များပြားလာတာကြောင့် ဇွန် ၂၁ ရက်က စာသင်ကျောင်းအချို့မှာ ကျောင်းသားတွေကို အိမ်ပြန်လွှတ်နေသလို မိဘတွေကိုယ်တိုင် ပြန်လည်ခေါ်ယူနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကိုဗစ်ရောဂါဖြစ်တာ ယာဥ်ထိန်းရဲအမျိုးသမီးနဲ့ အ.ထ.က (၆) ကျောင်းက ဆရာမ၊ ဒီမနက်ကျတော့ ကျောင်းသွားတဲ့ ကလေးတွေထဲမှာ ကိုးတန်းနဲ့ ငါးတန်းကလေးတွေကို ကျောင်းဝကနေ ပြန်လွှတ်တယ်၊ ကျောင်းပိတ်တယ်လို့ ပြောပြီးတော့၊ လူစုလူဝေး အတော်ဖြစ်သွားတယ်။ ယာဥ်ထိန်းရဲ နှစ်ယောက်ကလည်း ကံ့ကော်မြိုင်ရပ်ကွက်ထဲမှာနေတာ၊ ကံ့ကော်မြိုင်က စာသင်ကျောင်းမှာလည်း မိဘတွေက ကလေးတွေကို အကုန်သွားပြန်ခေါ်နေကြတယ်” လို့ မြောင်းမြဒေသခံတစ်ဦးက ပြောပါတယ်။
မြောင်းမြမြို့မှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၂ ဦးထိရှိနေပြီး ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် ၁၁ ဦးနဲ့ Mytel ရုံးက ၁ ဦး ဖြစ်တယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ မြောင်းမြမြို့မှာ ကိုဗစ်-၁၉ သတင်းထုတ်ပြန်ပေးတာလည်း မရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။