ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဇွန်လ ၂၀ ရက် ညပိုင်းက ဦးတေဇပိုင် ပုသိမ်ဟိုတယ်ရှေ့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်ပြီး သံသယရှိသူ အမျိုးသား ၁ ဦးကို အကြမ်းဖက်စစ်ကောင်စီ လက်နက်ကိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနီးပတ်ဝန်းကျင်မှာရှိတဲ့ အမှတ် ၃ ရပ်ကွက်နေ ကိုထွန်းလင်းအောင်ကို အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တွေ ဖမ်းဆီးခဲ့တာလို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောပါတယ်။
“သူက အဲဒီပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း သွားကြည့်တာဖြစ်မယ်။ အဲဒီနားရှိနေတော့ ဖမ်းသွားတာ။ အပြင်မှာ သတင်းလွှင့်တာကတော့ ဗုံးဖောက်တဲ့သူ မိတယ်ဆိုပြီး လွှင့်ထားတယ်” လို့ သူက ပြောပါတယ်။
ဗုံးပေါက်ကွဲမှုနဲ့မပတ်သက်ဘဲ ဖမ်းဆီးခံခဲ့ရတဲ့ ကိုထွန်းလင်းအောင်ရဲ့ ဖခင်ဖြစ်သူဟာ စစ်အာဏာရှင်ကို ခေတ်အဆက်ဆက်က ဆန့်ကျင်ခဲ့သူဖြစ်ပြီး လတ်တလော တရားစွဲခံထားရသူလည်း ဖြစ်တာကြောင့် ခုလို အကွက်ချဖမ်းဆီးတာဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာတော့ မပေါက်ကွဲသေးတဲ့ ချိန်ကိုက်ဗုံးနဲ့အတူ ဖမ်းမိခဲ့တာလို့ သတင်းဖော်ပြထားကြောင်း ရဲကြေးနန်းတွေအရ သိရပါတယ်။
ပုသိမ်မြို့မှာ စစ်တပ်အာဏာသိမ်းအပြီး ဧပြီလကုန်ပိုင်းက စလို့ ဗုံးပေါက်တာ ၇ ကြိမ်ထိ ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။