မွန်ပြည်နယ်၊ မော်လမြိုင်မှာ ဇွန် ၂၀ ရက်နေ့ ည ၈ နာရီခွဲအချိန်လောက်က လူငယ် ၂ ဦး အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခြင်း ခံခဲ့ရတယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
ဆိုင်ကယ်မောင်းနှင်းလာတဲ့ အဲဒီလူငယ် ၂ ဦးကို မော်လမြိုင် ကျောက်မီးသွေးရုံ မီးပွိုင့်အနီးအရောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်သတ်ခဲ့တာ ဖြစ်တယ်။
ပစ်သတ်ခံရတဲ့ လူငယ် ၂ ဦးကို အကြမ်းဖက်စစ်ကောင်စီက လမ်းအလယ်မှာ ပစ်ထားပြီး နာရီအတော်အကြာမှ ပရဟိတအဖွဲ့တွေက လာရောက်ကောက်ယူကာ ရင်ခွဲရုံကို ပို့ဆောင်နိုင်ခဲ့တာပါ။
သေဆုံးသွားတဲ့ လူငယ် ၂ ဦးဟာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် အဘစ်ကျေးရွာက လူငယ်တွေ ဖြစ်ပါတယ်။
လူငယ် ၂ ဦး ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး အကြမ်းဖက်စစ်ကောင်စီက သေနတ်ဝင်လုလို့ ပစ်သတ်ခဲ့တာလို့ သတင်းထုတ်ပြန်ခဲ့ပါသေးတယ်။
မော်လမြိုင်မှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မြို့ပေါ်ရပ်ကွက် နေရာ အချို့မှာ ညပိုင်း ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေပြီး စစ်ဆေးမခံတဲ့ သူတွေကို ပစ်သတ်ဖို့ အမိန့်ပေးထားတယ်လို့ ဆိုပါတယ်။