နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိမြို့နယ်မှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၆၄ ယောက်နဲ့ ဇေယျာသီရိမှာ ၁၀ ယောက်၊ စုစုပေါင်း ၇၄ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရတယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဇွန်လ ၂၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ဇွန်လ ၁ ရက်နောက်ပိုင်း မြန်မာနိုင်ငံမှာ ပိုးတွေ့လူနာ အများဆုံး ၁၀ မြို့နယ်မှာ ဇမ္ဗူသီရိမြို့နယ်လည်း ပါဝင်နေပါတယ်။
နေပြည်တော်ကောင်စီကထုတ်ပြန်တဲ့ အချက်အလက်တွေအရ လက်ရှိ ဆေးရုံမှာ ကုသနေဆဲ့ လူနာ ၉၈ ဦးရှိနေပြီး အသွားအလာကန့်သတ် စောင့်ကြည့်ခံနေသူ (ကွာရန်တင်းဝင်နေသူ) ၆၂ ဦးရှိနေပါတယ်။
နေပြည်တော်အဝင် သတ်မှတ်ဂိတ်တွေကနေ ဝင်ရောက်လာသူတွေကို ကျန်းမာရေးစစ်ဆေးနေပြီး Stay at Home သတ်မှတ်ထားတဲ့ မြို့နယ် ၈ မြို့နယ်မှ လာသူတွေ ကွာရန်တင်း ၁၀ ရက် ဝင်ရ မယ်လို့ စစ်ကောင်စီရဲ့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ၁၈ ရက်မှာ ထုတ်ပြန်ကြေညာ ပါတယ်။
မေလနောက်ဆုံးပတ်ကစလို့ ကိုဗစ်-၁၉ ရောဂါကူးစက်သူ အရေအတွက် များပြားလာပြီး ဗီဇပြောင်းပိုး ၃ မျိုးမှာ မြန်မာနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဇွန်လ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။
ဒီအထဲ အယ်လ်ဖာနဲ့ ဒယ်လ်တာဗီဇပြောင်း ပိုးတွေပိုးကူးစက်နှုန်းမြင့်မားလာတဲ့အပြင် ရောဂါဖြစ်ပွားမှု ပိုမိုပြင်းထန်ပြီး သေဆုံးနိုင်မှု မြင့်တက်စေကြောင်း သိရပါတယ်။ ဒယ်လ်တာမှာ အိန္ဒိယမှာ တွေ့ရှိရတဲ့ ဗီဇပြောင်းပိုးအမျိုးအစားဖြစ်ပါတယ်။
ဇွန် ၁၉ ရက် ည ၈ နာရီ ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ ၁၄၇,၆၁၅ ယောက်၊ သေဆုံးသူ ၃,၂၅၈ယောက်နဲ့ ဆေးရုံဆင်းခွင့်ရသူ ၁၃၃,၅၂၇ ယောက်ရှိနေပါတယ်။