စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သာဂရရွာနဲ့ မြင်းဒေါင်းရွာကြား မူးတိမ်ချောင်းတံတားမှာ ဇွန်လ ၁၉ ရက် နေ့ခင်း ၂ နာရီလောက်က အကြမ်းဖက်စစ်တပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ပွားရာမှာ PDF နှစ်ဦးကျဆုံးပြီး ၅ ဦးဖမ်းဆီးရမိတယ်လို့ စစ်ကောင်စီ သတင်းတွေအရ သိရပါတယ်။
“လတ်တလော PDF တွေ အဖမ်းခံရတယ်ကြားတော့ ကျနော်တို့လုံခြုံရေးအတွက် အရေးတကြီး လုပ်နေရလို့ ဘာမှမစိစစ်ရသေးတော့ မပြောနိုင်သေးဘူး။ စစ်ကောင်စီဘက်က ထုတ်ပြန်တာတော့ နှစ်ဦးသေ၊ ၅ ဦးဖမ်းဆီးရမိလို့တော့ သိရတယ်”လို့ PDF ပြန်ကြားရေးက ပြောပါတယ်။
မြင်းဒေါင်းရွာအရှေ့ဘက် မမဲတူတံတားအနီး ကတ္တရာလမ်းပေါ်ဖြတ်သွားတဲ့ စစ်ယာဉ်တန်းကို PDF တပ်တွေက လမ်းမှဖြတ်တိုက်စဉ် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်မှာ ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပေမဲ့ သီးခြားအတည်ပြုလို့ မရသေးပါဘူး။
ဒီတိုက်ပွဲမှာ PDF တပ်ဖွဲ့ဝင် အမျိုးသား ၂ ဦးသေဆုံးကာ ၅ ဦးကို တူမီးသေနတ် ၅ လက်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး အဆိုပါ နေရာအနီးဝန်းကျင် လမ်းဘေးဝဲယာမှာ မိုင်း ၁၀ လုံးခန့်ထောင်ထားတာ တွေ့ရှိရတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။