Home
ဆောင်းပါး
လှောင်အိမ်ထဲက သံမဏိလိပ်ပြာ
DVB
·
June 19, 2021

ထိန်းသိမ်းခံထားရတဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် ဇွန်လ ၁၉ ရက်မှာ အသက် ၇၆ နှစ်ပြည့် မွေးနေ့ကျရောက်ပြီဖြစ်ပါတယ်။

လက်ရှိမှာတော့ အကြမ်းဖက်စစ်တပ်ရဲ့ ထိန်းသိမ်းခြင်းကို ခံနေရတဲ့အတွက် သူရဲ့မွေးနေ့ကို အကျဉ်းကျနေတဲ့ နေအိမ်က နေပဲ ထပ်မံဖြတ်သန်းရဦးမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၉ ခုနှစ်ကတည်းက သုံးကြိမ်ထက်မနည်း ဖမ်းဆီးထိန်းသိမ်းခံရပြီး ယခုလည်း ထပ်မံ ဖမ်းဆီးခံရတာကြောင့် သူ့ဘဝရဲ့ သက်တမ်းသုံးပုံတစ်ပုံလောက်ဟာ အကျဉ်းကျနေရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရတာပါ။

ပြီးခဲ့တဲ့ ၇၅ နှစ်မြောက်မွေးနေ့မှာတော့ “ ရာစုနှစ်တစ်စုရဲ့လေးပုံ သုံးပုံကို ဖြတ်ကျော်ခဲ့ပြီဆိုတော့ မေတ္တာ၊ သစ္စာ၊ ကျေးဇူး တို့ရဲ့ တန်ဖိုးကို ကောင်းစွာနားလည်နိုင်ခဲ့ပါပြီ။ ကျွန်မအပေါ် မေတ္တာထားသူများကို သစ္စာရှိစွာဖြင့် ကျေးဇူးဆပ်ဖို့ အစဉ် ကြိုးစားသွားပါမယ်” လို့ သူကပြည်သူတွေကို ကတိစကားပြောခဲ့ပါတယ်။

ဒီနှစ်မှာကျရောက်တဲ့မွေးနေ့မှာတော့ ထိန်းသိမ်းခံထားရတဲ့ သူ့အတွက် နော်ဝေနိုင်ငံမှာရှိတဲ့ Aung San Suu Kyi Park ကော်မတီကနေ ကမ္ဘာ့နိုင်ငံအသီးသီးမှာရှိတဲ့ မြန်မာ့သွေးချင်းတွေကို အပြည်ပြည်ဆိုင်ရာမြန်မာ့တော်လှန်ရေးမှာ ပါဝင်ဖို့နိုးဆော်ထားပါတယ်။

သပိတ်စစ်ကြောင်းတွေမှာ အမျိုးသမီးတွေက နှင်းဆီပန်းအနီတွေကို ပန်ဆင်ကြမှာဖြစ်သလို အမျိုးသားတွေကတော့ ရင်ဘတ်မှာထိုးမှာပါ။ ဒါ့အပြင် ငါး၊ ခိုတွေလွှတ်ကာ “မတရားဖမ်းဆီးထားသူများကို ချက်ခြင်းလွှတ်လို့” ကြွေးကြော်ကြ ဖို့လည်း မှာကြားထားပါသေးတယ်။

ဒါ့အပြင် ဖမ်းဆီးချုပ်နှောင်ခံရသူတွေ မတရားဖမ်းဆီးနှိပ်စက်ခံထားရတဲ့ ဖြစ်ရပ်မှန်ဓါတ်ပုံတွေနဲ့ အမျိုးသမီးတွေ လိင် အကြမ်းဖက်ခံရမှုနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတွေ ကိုင်ဆောင်ကြဖို့လည်း ဆော်သြထားပါတယ်။

ယခင်ကလည်း စစ်တပ်ရဲ့ထိန်းသိမ်းတာခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် နိုင်ငံတကာ ရောက်နေတဲ့ မြန်မာနိုင်ငံ သားတွေ၊ သူ့ကိုလေးစားချစ်ခင်တဲ့ နိုင်ငံခြားသားတွေနဲ့ နယ်စပ်ဒေသအသီးသီးမှာ ရောက်နေတဲ့ ဒုက္ခသည်တွေဟာ သူလွတ်မြောက်ဖို့ ဝိုင်းဝန်း ဆုတောင်းပေးခဲ့ကြတယ်။

သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေဖို့ သံရုံးတွေရှေ့မှာ တောင်းဆိုတာ၊ သူလွတ်မြောက်ရေးအတွက် ကမ်ပိန်းတွေလုပ်တာ၊ ဆုတောင်းမေတ္တာပို့တာတွေကို နှစ်စဉ်မပျက် အခက်အခဲတွေကြားက လုပ်ပေးခဲ့ကြပါတယ်။

ပြည်တွင်းမှာလည်း သူ့မွေးနေ့ရောက်လာတိုင်း ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ရုံးကနေ သူ့နေအိမ် အနောက်ဘက်က အင်းလျားကန်ဘောင်အထိ လမ်းလျှောက်ကာ ငါးလွှတ်ဆုတောင်းမှုတွေ လုပ်ပေးတာ တနှစ်မှ မပျက်ကွက်ခဲ့ပါဘူး။

စစ်တပ်ကလည်း အဲဒီအချိန်ကတည်းက အခုလို ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ရောက်လာတိုင်း အသွားအလာကန့် သတ်တာတွေ ကန်အတွင်း ငါးလွှတ်ခွင့်ပိတ်ပင်တာမျိုးတွေ၊ လမ်းလျှောက် ဆုတောင်းသူတွေကို ဖမ်းဆီးတာမျိုးတွေ လုပ်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လို့ ပြောလိုက်ရင် မြန်မာဝတ်စုံကို အမြဲတမ်းဝတ်ကာ ငွေရောင်ဆံနွယ်လေးတွေကြားမှာ လှပတဲ့ ရောင်စုံပန်းတွေ ဆင်မြန်းထားတတ်ပြီး ခေါင်းလေးလှုပ်ကာလှုပ်ကာနဲ့ အပြုံးလေးနဲ့ စကားပြောတာကို မြင်တွေ့ရပါတယ်။

အသက်အရွယ်နဲ့ မလိုက်အောင် တောက်ပတဲ့ သူရဲ့မျက်ဝန်းတစုံဟာလည်း သူရဲ့ ရဲရင့်ပြတ်သားမှု၊ သတ္တိရှိမှုနဲ့ ခိုင်မာ တဲ့စိတ်ဓါတ်ကို ရည်ညွန်းပြဆိုနေပါတယ်။

သူ့အနေနဲ့ ယခုအချိန်ထိ ပြည်သူရဲ့မေတ္တာကို ရနေတာကလည်း သူရဲ့ပေးဆပ်မှု၊ ပြည်သူနဲ့ တသားထဲနေလိုတဲ့ သူရဲ့ စိတ်ဓါတ်နဲ့ ရန်သူအပေါ်မှာ မေတ္တာနဲ့သာ တုံ့ပြန်လိုသူဖြစ်တာကြောင့် အားလုံးက သူ့ကို“အမေ” လို့ ခိုင်းနှိုင်း ခေါ်ဝေါ် ခဲ့ကြကာ လေးစားချစ်ခင်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်ခင်ကြည်တို့က ၁၉၄၅ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ မွေးဖွားခဲ့ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ စတင်ပါဝင်ကတည်းက ငြိမ်းချမ်းတဲ့နည်း အကြမ်းမဖက်တဲ့နည်းနဲ့ လူပ်ရှား ဆောင်ရွက်ခဲ့တာတွေကြောင့်လည်း ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုကို ပိုင်ဆိုင်ထားသူပါ။

သူဟာ ၈၈ အရေးအခင်းမှာ ပြည်သူရဲ့ထောက်ခံမှုနဲ့ လူထုခေါင်းဆောင်ဖြစ်လာခဲ့ပြီး မြန်မာ့ဒီမိုကရေစီရဲ့ ရှေ့ဆောင် လမ်းပြဖြစ်ခဲ့တယ်။ ၁၉၈၈ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)ကို ထူထောင်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ ၊ ၉၀ ရွေးကောက်ပွဲအတွက် နယ်လှည့်စည်းရုံးရေး၊ ရွေးကောက်ပွဲပြင်ဆင်မှုတွေကို စစ်တပ်ရဲ့ အနှောက်အယှက်တွေ ၊ အခက်ခဲတွေ မျိုးစုံကြားကနေ အသက်အန္တရာယ်ကို မမှုဘဲ ဆောင်ရွက်ခဲ့ပါတယ်။

စစ်တပ်ဟာ ဘယ်လိုမှဖိနှပ်မရတဲ့အဆုံး ၁၉၈၉ မှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဆိုပြီး ထိန်းသိမ်း ခဲ့ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၉၀ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်ဖို့အတွက် ဖမ်းဆီးထားတဲ့ကြားက လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်စာရင်းတင်ခဲ့ပါတယ်။ စစ်အစိုးရက ခွင့်မပြုခဲ့ပါဘူး။

၉၀ ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် NLD အပါအဝင် ပါတီများကို နည်းမျိုးစုံသုံး နှိပ်ကွပ်ကာ ၁၉၉၀ မေ (၂၇) မှာ ရွေးကောက်ပွဲကျင်းပပေးခဲ့ပါတယ်။ စစ်တပ်နဲ့ သူ့အနွယ်ပါတီတွေကို မဲတွေပြန့်သွားပြီး ညွှန့်ပေါင်းအစိုးရဖွဲ့နိုင်မယ်လို့ ထင်ခဲ့ တဲ့ စစ်တပ်ရဲ့တွက်ကိန်းကာ အလွဲကြီးလွဲခဲ့ရပါတယ်။ NLD ပါတီဟာ ၈၂ ရာခိုင်နူန်းနဲ့ အပြတ်အသတ် အနိုင်ရရှိလိုက် ပါတယ်။

ရွေးကောက်ပွဲမှာ ထောက်ခံမှုအများဆုံးရခဲ့ပေမယ့် စစ်တပ်က နိုင်ငံရဲ့အမြင့်ဆုံးဥပဒေဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မရှိသေးဘူးဆိုတဲ့အကြောင်းချက်နဲ့ နိုင်ငံတော်အာဏာကို လွှဲမပေးဘဲ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။

သူဟာ ၈၉ ခုနှစ်စလို့ အနှစ် ၂၀ ကျော်ထောင်ထဲမှာနေခဲ့ရပြီး ဒီထဲမှာ ၁၅ နှစ်ကတော့ နေအိမ်အကျယ်ချုပ်နဲ့ နေ ရတာကြောင့် ခင်ပွန်းဖြစ်သူရဲ့နာရေးလည်း မသွားနိုင်၊ သားနှစ်ယောက်ဆီလည်း မပြန်နိုင်ခဲ့တာ ယနေ့ထိတိုင်ပါပဲ။

စစ်တပ်က နာရေးကို သွားခွင့်ပေးခဲ့ပေမယ့် မြန်မာနိုင်ငံထဲ ပြန်ဝင်ခွင့်မရမှာစိုးတာကြောင့် သူထွက်မသွားခဲ့ဘူး။ စစ်တပ်ဟာ အဲ့ဒီအချိန်ကတည်းက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့မြေပေါ်ကနေ အပြီးတိုင်ထွက်သွားဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့တာပါ။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ရက်နီးလာရင် စစ်တပ်က ပုဒ်မတခုတပ်လိုက် ထောင်ထဲ ပြန်သွင်းလိုက်၊ လွှတ် မယ့်ဆိုတဲ့ အရိပ်အယောင်ပြလိုက် နောက်ပုဒ်မတခုနဲ့ ထောင်ထဲထည့်လိုက်နဲ့ စိတ်ဓါတ် စစ်ဆင်ရေးတွေက ကြိမ်ဖန် များစွာ လုပ်ခဲ့တာပါ။

ဒါပေမယ့် စစ်တပ်က အကြမ်းဖက်နည်းလမ်းကိုပဲ သုံးသုံး၊ နေအိမ်အကျယ်ချုပ်နဲ့ပဲ ဖြတ်ဖြတ်၊ စိတ်ခန္ဓာ ဘာကိုပဲ တိုက်ခိုက်၊ တိုက်ခိုက် ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ အမျိုးသမီးဟာ ကြံ့ကြံ့ခိုင်ရပ်တည်ခဲ့တဲ့အတွက် သံမဏိလိပ်ပြာ လို့တောင် တင်စားခဲ့ကြတယ်။

စစ်အစိုးရဟာ ၂၀၁၀ ရွေးကောက်ပွဲအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကနေ လွှတ်ပေးခဲ့ပါတယ်။ စစ်အစိုးရကနေ ဘောင်းဘီချွတ် စစ်အရာရှိတွေ အသွင်ပြောင်းအုပ်ချုပ်တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကပါ။

အဲ့ဒီကနေ ၂၀၀၈ အခြေခံဥပဒေအောက်က ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်၊ ၂၀၁၅ မှာလည်း အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရခဲ့ပြီး ၂၀၂၀ အထိ ငါးနှစ်တာ နိုင်ငံကို ဦးဆောင်ခဲ့ပါတယ်။

သူရဲ့စွမ်းရည်တွေကြောင့်ပဲ ပြည်သူတွေက နိုင်ငံရဲ့အမြင့်ဆုံး သမ္မတရာထူးပေးပေမယ့် စစ်တပ်က သူတို့စိတ်ကြိုက် ရေးဆွဲခဲ့တဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုကိုင်ကာ သမ္မတက စစ်ရေးအမြင်ရှိရမယ်ဆိုတဲ့ အချက်နဲ့ ငြင်းပယ်ခဲ့လို့ သမ္မတ မဖြစ်ခဲ့ပါဘူး။ ဒါပေမယ့် ဥပဒေပညာရှင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီရဲ့ အကူအညီနဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုတဲ့ ရာထူးကို ရယူနိုင်ခဲ့ပါတယ်။ ဦးကိုနီဟာလည်း အကြမ်းဖက်သမားတွေရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

သူ အတိုင်ပင်ခံဖြစ်လာချိန်မှာ သူလုပ်နိုင်တဲ့ ဘောင်အတွင်းကနေ မရပ်မနားလုပ်ဆောင်နိုင်ခဲ့တာကြောင့် သူတာဝန်ယူ ထားတဲ့ ငါးနှစ်အတွင်းမှာ တိုင်းပြည်ဟာ အလျင်အမြန်ပဲ ဖွံ့ဖြိုးတိုးတက်လာပါတယ်။ အဂတိလိုက်စားမှုတွေကိုလည်း တင်းတင်းကြပ်ကြပ်ကိုင်တွယ်နိုင်ခဲ့ပါတယ်။

ဂျပန်သွားတော့လည်း မြန်မာတင်နေတဲ့ကြွေးမြီ ဘီလီယံကျော်ကို ချေပေးခဲ့သလို ထိုင်းရောက်တော့လည်း ဖိနှိပ်ခံ ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းရဲ့တရားဝင်လုပ်ခလစာနှုန်းအတိုင်းရရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့အတွက် လူထုက သူ့အပေါ်မေတ္တာပိုခဲ့ကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အိမ်နီးချင်းနိုင်ငံတွေသာမက ဥရောပနိုင်ငံတွေအထိ ခြေဆန့်ခဲ့ပြီး အမေရိကန်လို နိုင်ငံ ကတောင် သူ့ကိုနိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုခဲ့တယ်။ ဒါ့အပြင် သူ့လက်ထက်မှာ အမေရိကန် သမ္မတအိုဘားမား မြန်မာပြည်ကို လာရောက်လည်ပတ်တာကလည်း သူ့အတွက် မှတ်တိုင်တခုပါပဲ။

စစ်တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ကမ္ဘာ့နိုင်ငံတွေက ကြိုဆိုပြီး ဒေါက်တာဘွဲ့တွေပေးတာ၊ ထင်ပေါ် ကျော်ကြားတာတွေဟာ သူတို့အတွက်တော့ အရှက်ရစရာ၊ နားခါးစရာဖြစ်ခဲ့ပါတယ်။ ထပ်ပြီး ၂၀၂၀ မှာလည်း NLD ပါတီ ဟာအပြတ်အသတ်အနိုင်ရပြန်တဲ့အခါ မဲလိမ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်ဟာ နိုင်ငံရဲ့ အာဏာကို အတင်းအဓမ္မ သိမ်းယူလိုက်ပြန်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ၂၀၁၀ ကနေ ၁၀ နှစ်အကြာမှာ နေအိမ်အကျယ်ချုပ်ဘဝကို ပြန်လည်ရောက်ရှိသွားခဲ့ ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၇ မှုနဲ့ တရားစွဲဆိုထားပါသေးတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့ နှစ်မှု၊ ပို့ကုန်၊ သွင်းကုန် ဥပဒေပုဒ်မ ၈၊ ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေးပုဒ်မ ၆၇၊ မြန်မာနိုင်ငံလျို့ဝှက်ဥပဒေပုဒ်မ ၃(၁)(ဂ)၊ အဂတိပုဒ်မတို့နဲ့ တရားစွဲဆိုထားပြီး ဒီအမှုတွေကို ရက်ပေါင်း ၁၈၀အတွင်း အပြီးစစ်မယ်လည်း ဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိလိုက်စားမှုနဲ့ စွဲဆိုတဲ့အပေါ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အမှုဆောင် ညွှန်ကြား ရေးမှူး ဦးမိုးဇော်ဦးနဲ့ VOA အင်တာဗျူးမှာ လက်ရှိနေထိုင်နေတဲ့ အမှတ် ၅၄-၅၆ တက္ကသိုလ်ရိပ်သာလမ်းအိမ်ကို ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကို လှူထားပြီးပြီလို့ ဖြေထားပါတယ်။

ဦးမိုးဇော်ဦးက “ အလှူငွေတွေနဲ့ ပတ်သက်လို့ အလွဲသုံးစားလုပ်တယ်လို့လည်း ပြောရအောင် ဒီအလှူငွေတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးတဲ့ လေးစားတဲ့စိတ်နဲ့ ရတဲ့အလှူငွေတွေချည်းပါပဲ။ တချို့အလှူငွေတွေဆိုရင် ကြိုက်သလိုသုံးပါ ပုဂ္ဂိုလ်ရေးသုံးပါ ဆိုပြီးတော့ လာလှူထားတာတွေလည်းရှိပါတယ်” လို့ ရှင်းပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ လှူတဲ့ငွေတွေ ဘယ်လောက်ပဲများများ၊ နောက်ဆုံးလက်ဝတ်ရတနာတွေကအစ ဒေါ်အောင်ဆန်းစုကြည်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းကိုပဲ လွှဲပေးပါတယ်လို့ ဆိုပါတယ်။

ဒီလိုဖိနှိပ်မှုတွေ လုပ်ပေမယ့် အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းရည်သတ္တိကို မယှဉ်နိုင်တဲ့အခါ စစ်တပ်က သူတို့ အစဉ်အမြဲ သုံးခဲ့တဲ့ ပြည်သူ့ထောက်ခံမှုလျော့ကျအောင်လုပ်တဲ့ နည်းလမ်းကို သုံးလာပြန်ပါတယ်။

ဖမ်းဆီးထားကတည်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်သူနဲ့မှ တွေ့ခွင့်မရသလို မေလ ၂၄ ရက်၊ ပထမရုံးချိန်းအပြီး မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်ရှိ သူ့နေအိမ်ကနေ တခြားနေရာကို ရွေ့ပစ်လိုက်တာကြည့်ရင် စစ်တပ် ရဲ့ သဘောထားကို သိနိုင်ပါတယ်။

အဲဒီလိုဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူတွေ ဆက်သွယ်လို့မရအောင် အကျယ်ချုပ်ပဲဖြစ်ဖြစ်၊ ထောင်ချထား တာပဲဖြစ်ဖြစ် ၊ နေရာပြောင်းတာဖြစ်ဖြစ် စစ်တပ်က အမျိုးမျိုးလုပ်ကြည့်ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။

အကြောင်းကတော့ ပြည်သူလူထုရဲ့စိတ်ထဲမှာ အခုအချိန်ထိ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားယုံကြည်တဲ့ စိတ်ရှိနေကြ သေးလို့ပါပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့နိုင်ငံရေးထဲဝင်လာတဲ့အချိန်ကစပြီး အမျိုးသမီးတစ်ယောက်ရဲ့ အရည်အချင်းတွေကို ထုတ်ပြခဲ့တယ်။ ဒါကလည်း မြန်မာပြည်မှာ အစဉ်အလာအရပဲဖြစ်ဖြစ်၊ နိုင်ငံရေးမှာဖြစ်ဖြစ် အမျိုးသမီးတွေကို အထင်မကြီး တာ၊ မလေးစားတာ၊ နေရာမပေးတာတွေ ရှိနေသေးတာကြောင့်ပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သူရဲ့ ဆုံးဖြတ်ချက် ခိုင်မာပြတ်သားမှုကို ထုတ်ပြနိုင်တဲ့အတွက် အမျိုးသမီးဆိုရင် ပျော့ညံ့ တယ်၊ အားနွဲ့တယ်ဆိုတဲ့ အယူစွဲတွေကို ရိုက်ချိုးပြခဲ့ပြီး အမျိုးသားတွေထက် ပိုမိုလုပ်ဆောင်နိုင်စွမ်းရှိတယ် ဆိုတာကို သူရဲ့ အလုပ်နဲ့ သက်သေထူနေတာပဲ ဖြစ်ပါတယ်။

သေချာတာတခုကတော့ အမျိုးသမီးဆိုရင် ဦးဆောင်မှုမရှိနိုင်ဘူးဆိုတဲ့ သာမာန်ရေဘူယျ လိင်အပေါ်မှာ အခြေခံတဲ့ သတ်မှတ်ချက်ကတော့ ပြောင်းသွားတယ်လို့ ဆိုရမှာပါပဲ။

အမျိုးသမီးတွေက လုပ်နိုင်တယ်၊ လုပ်လို့ရတယ်၊ တိုင်းပြည်ရေးရာမှာ ပါဝင်လို့ရတယ်ဆိုတာကို သူက သက်သေပြခဲ့ပြီး လက်ရှိနွေဦးတော်လှန်ရေးမှာလည်း အမျိုးသမီးငယ် အများအပြားဟာ လမ်းပေါ်ထွက်ဆန္ဒပြခဲ့ကြတယ်။

ဒါကြောင့်ပဲ ရှေးရိုးစွဲအစဉ်အလာတွေဖြစ်တဲ့ ထဘီဆိုတာ ဘုန်းနိမ့်စေတယ်ဆိုတဲ့ ယဉ်ကျေးမှုတော်လှန်ရေးကြီး လုပ်ပြ နိုင်တဲ့အထိ အမျိုးသမီးတွေရဲ့သတ္တိဟာ အံမခန်းပေါ်ထွက်လာခဲ့တယ်။

အမျိုးသမီးတွေဟာ ဒီတော်လှန်ရေးကို အခက်အခဲများစွာကြားကနေ လုပ်ခဲ့ကြတယ်။ အကြောင်းက သူတို့ တိုက်ယူနေ ရတာက လက်နက်ကိုင်စစ်တပ်ဖြစ်သလို ယဉ်ကျေးမှုအရ အမျိုးသမီးတွေ နောက်မှာနေဆိုတဲ့ အယူအဆမှားကြီးကိုပါ တော်လှန်နေရတာကြောင့် ဖြစ်တယ်။

ဒါကြောင့်လည်း နွေဦးတော်လှန်ရေးသူရဲကောင်းတွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ သူရဲ့အမှတ်အသား ဖြစ်တဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပန်းပန်သပိတ်လုပ်ကြဖို့ စီစဉ်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိ အသက်အရွယ် ၇၆ နှစ်ဆိုတဲ့အတိုင်းအတာက အငြိမ်းစားယူသင့်တဲ့ အခြေ အနေဖြစ်တာကြောင့် အကျယ်ချုပ်ကာလကို ယခင်ကလိုပဲ ကျန်းမာစွာနဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ပြည်သူတွေက မျှော်လင့်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည် မွေးနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဖမ်းဆီးထားသူတွေ အမြန်လွတ်မြောက်ဖို့နဲ့ မွေးနေ့ဆုတောင်းစကားကို အခုလို ဆိုလိုက်ပါတယ်။

“ သူမြင်ချင်တဲ့ အနာဂတ်မြန်မာပြည်ကို ထူထောင်နိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးနိုင်တဲ့သူ၊ သူ့လိုမျိုး စွမ်းရည်ရှိတဲ့ မျိုးဆက်သစ် အမျိုးသမီးတွေနဲ့အတူ လက်တွဲလုပ်ဆောင်နိုင်တဲ့သူဖြစ်ဖို့ မျှော်လင့်ပါတယ်”

ရှင်ငြိမ်း

hiburma.net ဝက်ဘ်ဆိုက်မှ ကူးယူပြန်လည်ဖော်ပြသည်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024