ရှမ်းပြည်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ ပန်ကူကျေးရွာအနီး ဇွန် ၁၈ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားရာမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကျေးရွာအတွင်း ကျရောက်မှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒေသခံရွာသားတစ်ဦးက "တိုက်ပွဲဖြစ်တာက ရွာနားမှာ ဖြစ်တာ။ တပ်ဘက်က လက်နက်ကြီးနဲ့ အဆက်မပြတ်ရမ်းပစ်နေတာ။ ရွာထဲကျလာမှာကို စိုးရိမ်တယ်။ ရွာထဲကျလာရင် အပြစ်မဲ့တဲ့ လူတွေ အိမ်တွေ တိရစ္ဆာန်တွေ ထိခိုက်မှာ စိုးရိမ်တယ်"လို့ ပြောပါတယ်။
ဒီနေ့လယ် ၁၂ နာရီလောက်က ကွတ်ခိုင် -နမ့်ဖတ်ကာကြား ရှုခင်းသာအတက် တာဝါတိုင်အနီး ကုန်တင်ကား၂ စီးပစ်ခံရတဲ့အပြင် ကား ၁ စီး မီးရှို့ခံခဲ့ရပါတယ်။
အလားတူ ဇွန် ၁၆ ရက်နေ့က ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား နမ့်ကွတ်အနီး ကုန်တင်ကား၂ စီးရဲ့ ကားဘီးတွေကို ပစ်ဖောက်ပြီး ကန့်လန့်ခံထားခဲ့တဲ့အတွက် လမ်းပိတ်ဆို့မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
လားရှိုး - မူဆယ် ပြည်ထောင်စုလမ်းမကြီးကို အားထားပြီး ခရီးသွားလာနေတဲ့ ပြည်သူတွေ၊ ကုန်တင်ယာဥ်မောင်းတွေအနေနဲ့ နှစ်ဖက်တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတဲ့ကြားက မဖြစ်မနေ ခရီးသွားလာနေရပေမယ့် စိုးရိမ်စိတ်နဲ့ သွားလာနေရတယ်လို့ ဆိုပါတယ်။