Home
မြန်မာသတင်း
မြန်မာနိုင်ငံကို လက်နက်ဝင်ရောက်မှုတားဆီးရန် ကုလသမဂ္ဂဆုံးဖြတ်
DVB
·
June 19, 2021

မြန်မာနိုင်ငံကို လက်နက်တွေဝင်ရောက်နေတာ တားဆီးဖို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၁၈ ရက်နေ့မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။ 

လိုင်ချက်စတိုင်းနိုင်ငံနဲ့အခြား ၅၃ နိုင်ငံက မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုပိတ်ပင်ရေး (Arm embargo) လုပ်ဖို့  တောင်းဆိုချက်ပါတဲ့မူကြမ်းကို မေလဆန်းပိုင်းကတည်းက တင်သွင်းခဲ့ တာဖြစ်ပေမယ့် အာဆီယံနိုင်ငံတွေက ဝေဖန်မှုတွေရှိခဲ့တာကြောင့် တစ်လကျော်အကြာမှာ ဆွေးနွေးညှိနှိုင်းပြီး အခုလိုမဲခွဲဆုံးဖြတ်ခဲ့တာပါ။

မူကြမ်းမှာပါတဲ့ မြန်မာနိုင်ငံကို လက်နက်ရောင်းချမှုပိတ်ပင်ရေးဆိုတဲ့နေရာမှာ လက်နက်တွေ ဝင်နေတာကို တားဆီးဖို့ ဆိုတဲ့ စကားလုံးပြောင်းပြီးတင်သွင်းခဲ့ရာမှာ ဘယ်လာရုစ်တစ်နိုင်ငံသာ ကန့်ကွက်ပြီး ထောက်ခံမဲ ၁၁၉ မဲ ကြားနေမဲ ၃၆ မဲနဲ့အတည်ပြုခဲ့တာပါ။ 

အာဆီယံနိုင်ငံတွေထဲက အင်ဒိုနီးရှား၊ မလေးရှား၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နဲ့ မြန်မာ (NUG ကိုယ်စားပြုဦးကျော်မိုးထွန်း) တို့က ထောက်ခံမဲပေးခဲ့ပြီး ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ လာအိုနိုင်ငံတို့က ကြားနေခဲ့ပါတယ်။ 

အဲဒီအပြင် စစ်ကောင်စီကို ထောက်ခံ‌ပြီး မြန်မာကို လက်နက်ရောင်းနေတဲ့ တရုတ်နဲ့ရုရှားတို့ကလည်း ကြားနေမဲပေးခဲ့ကြပါတယ်။ 

မနေ့ကကျင်းပခဲ့တဲ့ အဲဒီညီလာခံမှာ အာဏာသိမ်းစစ်ကောင်စီကို နိုင်ငံတော်စီမံခန့်ခွဲမှုကောင်စီလို့မသုံးပဲ မြန်မာလက်နက်ကိုင်အဖွဲ့ မြန်မာ့တပ်မတော်ဆိုပြီး သုံးနှုန်းခဲ့တာကြောင့် အဲဒီအသုံးအနှုန်းက စစ်ကောင်စီကို တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုရာ ရောက်တယ်လို့လည်း  အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက မှတ်ချက်ပြုပြောဆိုပါတယ်။

Photo- CINCDS

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024