စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနီး ကံကြီးစျေးမှာ ဇွန်လ ၁၈ ရက်နေ့ ည ၁၀ နာရီလောက်က မီးလောင်ခဲ့ပါတယ်။
“မီးစတင်လောင်ကျွမ်းနေတဲ့ အချိန်မှာ သေနတ်ပစ်ခတ်သံတွေ ကြားရတယ်။ အဲဒီစျေးက အဓိက စစ်တပ်မိသားစုတွေ စျေးဝယ်တဲ့စျေးကြီးပါ။ အဲဒီမှာရှိတဲ့ စျေးဆိုင်တွေ အကုန်လောင်ကျွမ်းသွားတယ်”လို့ မီးလောင်တဲ့နေရာကိုရောက်သွားတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
ည ၁၁ နာရီ ၂၀ လောက်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦး မီးလောင်ပြင်မှာ ပိတ်မိလို့ မီးခိုးငွေ့ရိုက်ပြီး အောက်စီဂျင် ပြတ်တောက်ကာ လဲကျသွားခဲ့တယ်လို့လည်း လူမှုကယ်ဆယ်ရေးရုံးကနေ သိရပါတယ်။