ရန်ကုန်၊ တာမွေမြို့နယ်ရဲစခန်းအနီး ဇွန်လ ၁၈ ရက် ဒီနေ့ ညနေ ၃ နာရီခွဲလောက်က စစ်ကားတစ်စီး ဗုံးကွဲမီးလောင်သွားတဲ့ဖြစ်စဉ်မှာ ဒုရဲအုပ် ၁ ယောက် သေဆုံးပြီး စစ်သားနဲ့ ရဲ ၆ ယောက် ဒဏ်ရာရသွားပါတယ်။
ဗညားဒလမ်းမကြီးပေါ် ၁၄၇ လမ်းထိပ်ရှိ ကြံ့ခိုင်ရေးပါတီရုံးရှေ့ ရပ်ထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ Faw ယာဉ်အမှတ် ၆၅၆၅ ဟာ ဗုံးနဲ့ပစ်ခံရလို့ ပေါက်ကွဲမီးလောင်သွားခဲ့တာဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ဒုရဲအုပ် ဇေယျာနှင်းဦး သေဆုံးသွားပြီး၊ မင်္ဂလာဒုံတပ်နယ်မှ တပ်ကြပ်ကြီး ကိုကိုမောင်၊ တပ်သား ဟိန်းခန့်ဇော်နဲ့ တပ်သား နေလင်းကိုကိုတို့ ဒဏ်ရာ စိုးရိမ်ရပြီး တပ်သားအောင်နိုင်ထွေး၊ ရဲတပ်သား ဟိန်းမင်းဦးနဲ့ ရဲဒုတပ်ကြပ် အောင်သူတို့ ဒဏ်ရာ မစိုးရိမ်ရ ဘူးလို့ ရဲသတင်းအရ သိရပါတယ်။
တာမွေဈေးအနီးမှာလည်း ဒီနေ့ညနေ Vitz အိမ်စီးကားပေါ် ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၁ ယောက် သေဆုံးကာ ကျန်အမျိုးသား တစ်ယောက်ကတော့ ဒဏ်ရာရရှိခဲ့ပါတယ်။
ပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက် ရဲနဲ့ စစ်တပ်တွေက ဗညားဒလလမ်းမကြီးကို ပိတ်ပြီး ဖြတ်သန်းသွားလာတဲ့ကားတွေကို လုံခြုံရေး တင်းကျပ် ရှာဖွေစစ်ဆေးနေပါတယ်။
Photo Credit-CJ