ထိုင်းနိုင်ငံမှာ အစိုးရရုံးတွေကို သိမ်းပိုက် ဆန္ဒပြ၊ တရားဥပေဒ လေးစားလိုက်နာဖို့ ၀န်ကြီးချုပ် သတိပေး

ထိုင်းနိုင်ငံမှာ အစိုးရကို ဖြုတ်ချဖို့အတွက် အထင်ကရ အစိုးရရုံးတွေကို အတိုက်အခံ ဆန္ဒပြသမားတွေ ၀င်စီးထားပြီးနောက် ဆန္ဒပြမှုတွေကို ရပ်ဆိုင်းကြဖို့ ၀န်ကြီးချုပ် ယင်း လပ်ရှင်နာဝပ်က မေတ္တာရပ်ခံ ပြောကြားလိုက်ပါတယ်။ Anti-government protesters march toward Thailand's Finance Ministry in Bangkokလူတိုင်းဟာ တရားဥပဒေကို လေးစားလိုက်နာရမှာ ဖြစ်ပြီး တရားဥပဒေကို လမ်းလွှဲဖို့ လူစုလူဝေးနဲ့ လုပ်ဆောင်တာမျိုး မဖြစ်သင့်ဘူးလို့ နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့ မနက်က လွှတ်တော်ကို ရောက်ရှိလာတဲ့ ၀န်ကြီးချုပ် ယင်းလပ်က သတင်းထောက်တွေကို ပြောကြားသွားတာ ဖြစ်ပါတယ်။ လွှတ်တော်အမတ်တွေဟာ အင်္ဂါနေ့ မနက်ပိုင်းမှာတော့ ပြီးခဲ့တဲ့ သီတင်းပတ်က အတိုက်အခံဘက်ကနေ တင်သွင်းထားတဲ့ အစိုးရအပေါ် အယုံအကြည်မရှိအဆိုနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ဆွေးနွေးမဲခွဲဆုံးဖြတ်ရဖို့ ရှိနေပါတယ်။ အစိုးရကို ဆန့်ကျင်တဲ့ ဆန္ဒပြသမားတွေဟာ အစိုးရရုံး အဆောက်အဦတွေထဲကို ၀င်ရောက် နေရာယူလာကြပြီး နောက်မှာတော့ လက်ရှိ ဆက်လက်ဖြစ်နေတဲ့ အကြောင်းတွေကြောင့် ပြည်တွင်းလုံခြုံရေး အက်ဥပဒေ (အိုင်အက်စ်အေ) ကို ထုတ်ပြန် ကြေညာလိုက်တဲ့အကြောင်း ၀န်ကြီးချုပ် ယင်းလပ်က တနင်္လာနေ့ ညနေပိုင်းက ရုပ်မြင်သံကြားမိန့်ခွန်းမှာ ပြောသွားပါတယ်။ အစိုးရအုပ်ချုပ်ရေးကို ထိန်းသိမ်းထားဖို့၊ အစိုးရဆက်သွယ်ရေးတွေ ဘေးကင်းလုံခြုံစေဖို့၊ ပြည်သူတွေအတွက် ဘေးကင်းလုံခြုံရေးကို ထိန်းသိမ်းထားနိုင်ဖို့နဲ့ တရားဥပဒေစိုးမိုးရေးကို ထိန်းသိမ်းထားနိုင်ဖို့အတွက် ဘန်ကောက်၊ နွန်ထဘူရီ၊ စမွတ်ပရာကန်ရဲ့ ဘန်ဖီလီမြိုနယ်နဲ့ ပထုံဌာနီက လာ့ဒ်လွမ်ကယောက်မြို့နယ်တွေမှာ ပြည်တွင်းလုံခြုံရေး အက်ဥပဒေကို ၀န်ကြီးချုပ်က ထုတ်ပြန် ကြေညာလိုက်ပါတယ်။ အဲဒီဥပဒေအရ ဆန္ဒပြသမားတွေရဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ဖို့ အာဏာပိုင်တွေကို လုပ်ပိုင်ခွင့်တွေ ထပ်ဖြည့်ပေးထားပြီး အာဏာပိုင်တွေဟာ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့် ထုတ်ထားပြီး လူစုလူဝေး ပြုလုပ်ခြင်းတွေကို တားမြစ်ထားကာ ရှာဖွေစစ်ဆေးမှုတွေ လုပ်ဆောင်နိုင်ပါတယ်။ ဘန်ကောက်က အဓိကလေဆိပ်ရှိရာ နယ်မြေအပါအ၀င် ပြည်တွင်းလုံခြုံရေး အက်ဥပဒေ (အိုင်အက်စ်အေ)ကို ထုတ်ပြန် ကြေညာထားတဲ့ မြို့တော်ရဲ့ နေရာအတော်များများမှာ ရဲတပ်ဖွဲ့တွေကို အင်အားထပ်ဖြည့် နေရာချထားလိုက်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရုံးဝင်းထဲမှာ တနင်္လာနေ့ ညပိုင်းက ညလုံးပေါက် ၀င်ရောက် နေထိုင်ခဲ့ကြတဲ့ အစိုးရ ဆန့်ကျင် ဆန္ဒပြသူတွေကတော့ နိုဝင်ဘာ ၂၆ ရက် အင်္ဂါနေ့မှာ ရုံးဝင်းထဲကနေ ထွက်ခွာပေးဖို့ သဘောတူခဲ့ကြပါတယ်။ ၀န်ကြီးရုံး အဆင့်မြင့်အရာရှိတွေနဲ့ ဆန္ဒပြခေါင်းဆောင် နီထစ်ထော်န်လမ်လွာတို့ရဲ့ တွေ့ဆုံညှိနှိုင်း သဘောတူညီချက်အရ ဆန္ဒပြအဖွဲ့တွေဟာ မနက် ၁၀ နာရီ ၄၅ မိနစ်လောက်မှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကနေ ထွက်ခွာသွားခဲ့ကြပါတယ်။ ဘဏ္ဍာရေးဝန်ကြီးဌာနရုံးမှာ စခန်းချနေတဲ့ အင်အား ၂၀၀ လောက်ရှိတဲ့ ဆန္ဒပြအဖွဲ့ကတော့ ၀န်ကြီးချုပ် ယင်းလပ် ရာထူးကနေ ဆင်းပေးဖို့ အင်္ဂါနေ့မနက်ပိုင်းမှာလည်း ဆက်လက် ဆန္ဒပြနေကြပါတယ်။ ၀န်ကြီးချုပ်ယင်းလပ်ဟာ ၂၀၀၆ ခုနှစ် စစ်အာဏာသိမ်းမှုနဲ့ လာဘ်စားမှုတွေကို တရားရင်ဆိုင်ဖို့ ပြည်ပမှာ ရှောင်ပြေးနေတဲ့ သူ့အစ်ကို ၀န်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ရဲ့ ရုပ်သေးရုပ် ဖြစ်နေတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲနေကြတာ ဖြစ်ပါတယ်။ အသက် ၄၆ နှစ်အရွယ်ရှိ ၀န်ကြီးချုပ် ယင်းလပ်ကတော့ ရာထူးကနေ ဆင်းပေးမှာ မဟုတ်ဘူးလို့ ပြော ထားပါတယ်။

More News
Up