သြစတြေးလျကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်တဲ့ ရေတပ်ဒုတိယ ဗိုလ်ချုပ်ကြီး ဒေးဗစ်ဂျွန်စတန် ဇွန်လ ၁၆ ရက်က မြန်မာစစ်တပ်ရဲ့ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနဲ့ ဒုတိယအကြိမ် ဆက်သွယ် စကားပြောခဲ့ ကြပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေအပေါ် သြစတြေးလျအစိုးရအနေနဲ့ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ပူပန်မှုရှိကြောင်း ရေတပ်ဒုတိယဗိုလ်ချုပ်ကြီးဂျွန်စတန်က ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ စီးပွားရေးအကြံပေး ပါမောက္ခ ရှောင်တာနဲလ်ကို ချက်ချင်းလွှတ်ပေးဖို့ သြစတြေးလျအစိုးရရဲ့ တောင်းဆိုချက်ကို ထပ်မံပြောကြား ခဲ့ပါတယ်။
ပါမောက္ခ ရှောင်တာနဲလ်လွတ်မြောက်ရေးကို သြစတြေးလျ အစိုးရက အလွန်ဦးစားပေး အလေးထားကြောင်းပြောပြီး သူ့အခြေအနေနဲ့ပတ်သက်ပြီး တောင်းဆိုမှု တွေလည်း လုပ်ခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်တပ်အာဏာပိုင်တွေအနေနဲ့ အရပ်သားတွေအပေါ် အကြမ်းဖက်မှုမှ ရှောင်ရှားဖို့၊ ဒီမိုကရေစီကို အမြန်ဆုံးပြန်လည်ထူထောင်ဖို့၊ ဖေဖော်ဝါရီ ၁ ရက်မှစပြီး မတရား ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ လိုအပ်နေတဲ့လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို ပိုမိုရရှိဖို့ ခွင့်ပြုပေးရန် တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် မြန်မာစစ်ကောင်စီအနေနဲ့ အချက် ၅ ချက်ပါ အာဆီယံ သဘောတူညီချက်ကို အမြန်နိုင်ဆုံး အကောင်အထည်ဖော်ဖို့လည်း တိုက်တွန်းသွားခဲ့ပါတယ်။