စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ဇွန် ၁၆ ရက် နေ့လယ် ၂ နာရီက နောင်ပုကျစ်တောင်ပေါ် ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်အရှင်တေဇနိယကို အကြမ်းဖက် စစ်တပ်က အတင်းအကျပ် လူဝတ်လဲခိုင်းကာ ဖမ်းဆီးသွားပြီး ဒေသခံ ၂ ဦးကိုလည်း အတူဖမ်းသွားပါတယ်။
“ဒီကနေ့ ဟုမ္မလင်းမြို့မှာ ရပ်ကွက်နေအိမ်တွေ၊ ဘုန်းကြီးကျောင်းတွေမှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက်ရှာဖွေပြီး ဆရာတော်အရှင်တေဇနိယကို လူဝတ်လဲခိုင်းတယ်။ ကိုဝင်းမောင်နဲ့ မဝေဝေထွန်းတို့နဲ့အတူ ဖမ်းဆီးသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒေသခံ ကိုဝင်းမောင်ရဲ့ နေအိမ်ကိုဝင်ရှာရာမှာ လေသေနတ်မိလို့ အဖမ်းခံရတာဖြစ်ပြီး မဝေဝေထွန်းကတော့ အရင်က ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ဖူးတာကြောင့် ဖမ်းသွားတာလို့ဆိုပါတယ်။
လွန်ခဲ့တဲ့ ၅ ရက်လောက်က ပျူစောထီးအဖွဲ့က စာတစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲဒီစာမှာပါတဲ့သူတွေကို အကြမ်းဖက်စစ်တပ်က လိုက်ဖမ်းနေတာလို့လည်း ဒေသခံတွေကပြောပါတယ်။
နောင်ပုကျစ်တောင်ပေါ် ဘုန်းကြီးကျောင်းက ကျောင်းတိုင်ဆရာတော် ဆရာတော်အရှင်တေဇနိယဟာ ကျောင်းဝင်းအတွင်း စစ်သားတွေလာမှာ မကြိုက်တဲ့အတွက် ကျောင်းအဝင်မှာ သာသနာပိုင်မြေ မကျူးကျော်ရလို့ ဆိုင်းဘုတ်စိုက်ခဲ့တဲ့ဆရာတော် ဖြစ်ပါတယ်။